အာရဇ်ပင်ကဲ့သို့ (Cedar of Lebanon)

Cedar အမျိုးကွဲတွေရှိပေမယ့် လေဗနုန်အာရဇ်ပင်ကိုပဲအထူးပြုလေ့လာမှာဖြစ်ပါတယ်။ အာရဇ်ပင်၏သစ်သားသည်အလွန်မာသောအသားဖြစ်သည်။ ရှောလမုန်မင်းကြီး၏နန်းတော်ကိုတည်ဆောက်ရာတွင်လည်းအသုံးပြုခဲ့သည်။ (၃ရာ၇:၂-၃)
အာရဇ်ပင်၏ထူးခြားချက်မှာ သူသည်အမြင့် (၁၀)ပေတက်တိုင်းတွင်သူ၏အမြစ်သည် ပေ(၃၀)အနက်သို့တိုးဝင်လေ့ရှိသည်။ ကျောက်ပေါတဲ့အရပ် ၊ ကျောက်တောင် ၊ ကျောက်ဆောင် ၊ တောင်စောင်းတွေမှာတောင် ကောင်းစွာရှင်သန်ပေါက်ရောက်နိုင်ပါတယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားနိုင်တယ်ဆိုသကဲ့သို့ပင်သူသည်ပတ်ဝန်းကျင်ကိုအကျိုးပြုသည်။ ငှက်သာမက အရိပ်ပေးသောကြောင့် အပင်အောက်တွင် အခြားအကောင်များလည်းလာရောက်နေထိုင်ကြသည်ကိုလေ့လာတွေ့ရှိရပါတယ်။
သဘာဝဘေးအန္တရာယ်တွေ ၊ မုန်တိုင်းဒဏ်တွေကိုခံနိုင်ရည်ရှိပါတယ်။ သူသည်အမြင့်သို့ရောက်လေလေ ၊ လေဒဏ်မိုးဒဏ်စသဖြင့်ဒဏ်တွေခံရလေပိုသန်မာလေဖြစ်သည်။ အမြစ်သည်နက်ရှိုင်းစွာတိုးဝင်ထားသောကြောင့်လဲပြိုခြင်းမဖြစ်သည်ကိုတွေ့ရှိရသည်။ အာရဇ်ပင်၏အရည်(သစ်စေး)သည် အပင်အတွက်အန္တရာယ်ဖြစ်စေသောပိုးမွှားအင်းစက်များနှင့်မှိုများကိုတွန်းလှန်နိုင်သည်။
အနီးအနားရှိအာရဇ်ပင်များနှင့်အတူတကွကြီးထွားသည် အရွက်အခက်များတစ်ခုနှင့်တစ်ခုထပ်ခြင်းများဖြစ်သောကြောင့် တဖြေးဖြေးကြီးထွားလာခြင်းသည်တစ်ခုတည်းဟုထင်ရသည်။ အပင်တစ်ပင်သေလျှင်ကျန်ရှိသောအပင်များပေါင်း၍အားဖြည့်ပေးသည်။
ဖိုနီးရှား(Phoenicians)တွေသည်အာရဇ်ပင်မှသစ်သားကိုသူတို့သင်္ဘောတည်ဆောက်ရာတွင်အသုံးပြုသည်။ အာရာဇ်ပင်ကို ( ခံနိုင်ရည် ၊ မသေနိုင်သော ၊ ခွန်အား ၊ မြင့်မားခြင်း ) သင်္ကေတအဖြစ်ဖော်ပြလေ့ရှိသည်။ တချိန်ကလေဗနုန်တောင်များသည် အာရာဇ်ပင်များနှင့်ဖုံးလွှမ်းနေခဲ့သည်။ သမ္မာကျမ်းစာတွင် "Cedar" အာရဇ်ပင်ဟူသောစကားလုံးကို (၁၀၃) ကြိမ်ညွှန်းဆိုထားသည်။
ဘုရားသခင်၏အာရဇ်ပင်များသည် (Holy Valley, Byblos, Baalbek, Anjar, and Tyre) များနှင့်အတူယူနက်စကို(UNESCO)ကမ္ဘာ့အမွေခံရာနေရာဖြစ်သည်။
အာရဇ်ပင်များသည်အနှစ်(၅)ထောင်ရှင်သန်နိုင်သည်။
ခက်ခဲသောပတ်ဝန်းကျင်တွင်ရှင်သန်နိုင်ကြောင်းကိုတွေ့ရသည်။
ကျွန်တော်တို့ယုံကြည်သူတွေအတွက်ဘာများသင်ယူစရာတွေရှိမလဲဆိုတာကိုရှုထောင့်တစ်မျိုးမှအနည်းငယ်လေ့လာကြည့်ရအောင်။
အမြင့်သို့ရောက်လေလေသူ့အမြစ်မှာနက်ရှိုင်းစွာဝင်ရောက်သောကြောင့် ခက်ခဲမှုတွေ ၊ လေကြမ်းတိုက်သော်လည်း အောက်ခြေလွတ်ခြင်းမရှိ ၊ ဆုံးရှုံးခြင်းသို့မရောက်ပေ။ ယုံကြည်သူမှာမည်မျှပင်အောင်မြင်နေပါစေနှိမ့်ချသောအသက်တာရှိရမည်။ ကျောက်ပေါသောအရပ်ကဲ့သို့ ခက်ခဲသော်လည်း အမြစ်၏နက်ရှိုင်းစွာဝင်ရောက်မှုမှာ ယုံကြည်သူများအခက်ခဲတွေကိုရင်ဆိုင်ရသော်လည်းဘုရားထံတိုးဝင်ခြင်းကိုပုံဆောင်သည်ဟုမြင်မိသည်။ အာရဇ်ပင်၏သစ်စေးမှမှိုနှင့်အင်းစက်များကိုတွန်းလှန်သကဲ့သို့ ယုံကြည်ခြင်း ၊ ဝိညာဥ်ရေးရာရင့်ကျက်ခြင်း ၊ ဖြောင့်မတ်ခြင်းတို့သည်ထိုကဲ့သို့သောအရာများကိုတွန်းလှန်နိုင်သည်။ အာရဇ်ပင်သည်ပတ်ဝန်းကျင်ကိုအကျိုးပြုသကဲ့သို့ ယုံကြည်သူများသည်သူတပါးအတွက် အားပေးသောသူ ၊ ရန်ငြိမ်းသောသူ ၊ အသက်လမ်းကိုညွှန်ပြပေးသောသူများဖြစ်ရပေမည်။
အပင်များတစ်စုတစည်းရှိသကဲ့သို့ ယုံကြည်သူများစည်းလုံးရမည် ၊ မိဿဟာရရှိရမည်။ တစ်ပင်နာလျှင် သေလျှင် အားဖြည့်ပေးကြသလို တစ်ယောက်နဲ့တစ်ယောက် ဖေးမရမည် ၊ သမ္မာတရားလမ်းအတိုင်းညွှန်ပြရမည် ၊ အစရှိသဖြင့်တစ်ယောက်နှင့်တစ်ယောက်ဆုံးမရပေမည်။ ထိုအပင်သည်အသက်ကြီးလေအသုံးဝင်လေဖြစ်သကဲ့သို့ ယုံကြည်သူများမှာအသက်ကြီးလေအသီးသီးလေ ၊ ဝိညာဥ်ရေးရာရင့်ကျက်လေ ၊ သူတပါးအတွက်ဆားဖြစ်လေ ၊ အလင်းဖြစ်လေဖြစ်၍ကယ်တင်ခြင်းလမ်းကိုညွှန်ပြပေးရပေမည်။ အာရဇ်ပင်သည် လေမုန်တိုင်းတွေအခက်အခဲတွေကြုံရလေလေရင့်ကျက်သန်မာလေလေဖြစ်သကဲ့သို့ ယုံကြည်သူများသည် ထိုသို့ကြုံရသော်လည်းစိတ်ပျက်အားငယ်မသွားဘဲသာ၍ရင့်ကျက်သောသူများဖြစ်၍ဝိညာဥ်ရေးရာရင့်သန်သောသူများသာဖြစ်လာဖို့ရာအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဆာလံကျမ်း ၉၂:၁၄
အသက်ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်း ကြလိမ့်မည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
အာရာဇ်ပင်၏ထူးခြားချက်များကိုအောက်က Link တွင်လေ့လာနိုင်ပါတယ်။