ခြိမ်းချောက်သော်လည်း
အဓိကနှင့် သာမညကို ခွဲခြားသိပါဆိုသည့်အတိုင်း ထိုအရာသည် အင်မတန်အရေးကြီးသည်။ အရေးကြီးသော လုပ်ငန်းစဥ်ကို ပြင်ဆင်နေချိန်တွင် အရေးမကြီးသည့်အရာများအား အာရုံထားမိ၍ ဆုံးရှုံးခြင်းများကို ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် အရေးမကြီးသောအရာများကို အရေးကြီးသယောင် လုပ်နေမိ၍ အရေးတယူလုပ်နေခြင်းတို့သည် အရေးကြီးသည့်အရာအား လစ်လျှူရှုထားမိခြင်းပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့ဘဝတွင်လည်း ထိုသို့မျိုးမဖြစ်စေရန် သတိပြုရမည်မဟုတ်ပါလား။
နေဟမိသည် ယေရုရှလင်မြို့ရိုးနှင့် မြို့တံခါးကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုအရာကို ရန်သူသည် မကြိုက်၍ ဖျက်ဆီးရန်ကြံစည်သည်ကို တွေ့ရပေသည်။ ထိုအကြောင်းအရာအား အနည်းငယ်ဆင်ခြင်၍ ခွန်အားယူကြပါစို့။
နေဟမိ မြို့ရိုးတည်ဆောက်ခြင်းကို ရန်သူတို့သည် မကြိုက်။ ထိုသူတို့မှာ သမ္ဘာလတ်နှင့် တောဘိ၊ အမ္မုန်လူ၊ အာရပ်လူ ဂေရှင်၊ စသဖြင့် အခြားသော ရန်သူများပင်ဖြစ်သည်။ တည်ဆောက်စဥ်တွင်လည်း စိတ်ဓါတ်ကျစေရန် အမျိုးမျိုး လှောင်ပြောင်ခဲ့သည်။ နေဟမိတို့အား နောက်ယှက်ရန် အမျိုးမျိုးကြံစည်ကြသည်။ အမျိုးမျိုး ပြင်ဆင်သည်။ သို့သော် နေဟမိသည် အဖတ်မလုပ်ခဲ့။
နေဟမိမှတ်စာ ၄:၈
ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
တဆင့်တိုး၍ နေဟမိတို့အပေါ် ခြိမ်းချောက်ခြင်းထွက်ပေါ်လာသည်။ ထိုအရာမှာ ရန်သူတို့သည် ယေရုရှလင်မြို့သို့ စစ်ချီ၍ စစ်တိုက်ခြင်းပင်ဖြစ်သည်။ မြို့ရိုးတည်လုပ်ခြင်းကိုဖျက်မည်ဟု နေဟမိတို့အား ခြိမ်းချောက်ခြင်းပင်ဖြစ်ချေသည်။ ထိုအရာအပေါ်တွင် ကြောက်မနေကြသော်လည်း ဖြစ်လာခဲ့လျှင်လည်း အဆင်သင့်ဖြေရှင်းနိုင်ရန် ပြင်ဆင်ခဲ့သည်။
နေဟမိမှတ်စာ ၄:၉
သို့ရာတွင် ငါတို့သည် ငါတို့၏ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညမပြတ် ကင်းစောင့်ထားကြ၏။
နေဟမိတို့၏ ပြင်ဆင်ခြင်းသည် နံပတ်တစ် ဘုရားသခင်အား ဆုတောင်းခြင်းပင်ဖြစ်သည်။ ထိုရန်သူ၏ ခြိမ်းခြောက်ခြင်းကြောင့် သတိထားစောင့်ကြည့်ရန် ခွဲခန့်မှတ်သားသည်။ နေဟမိ၏လူများသည် နေ့အချိန်တွင် မြို့ရိုးကို တည်လုပ်၍ ညဘက်တွင် ရန်သူအား စောင့်ကြည့်ကြသူများလည်းရှိသကဲ့သို့ နေ့ရောညပါ ခွဲခန့်မှတ်သားခြင်းလည်း ရှိပေသည်။ ထိုသို့ ခြိမ်းချောက်ခြင်းကိုခံရပါသော်လည်း အဓိကအရေးကြီးသည့် အမှုအရာကို ပျက်ဆီးမခံကာ ကာကွယ်ခြင်း၊ တည်ဆောက်ခြင်းကို စနစ်တကျပြင်ဆင်ခြင်းသည် သင်ယူစရာပင်ဖြစ်ချေသည်။
ရန်သူများ၏ မင်းတို့ဘာမှ မတတ်နိုင်ပါဘူးကွာဟု လှောင်ပြောင်ခြင်းကို လစ်လျှူရှုကာ အဓိကအရေးကြီးသောအရာကိုသာ အားစိုက်လုပ်ဆောင်ခြင်း၊ ရန်သူများ၏ ခြိမ်းချောက်ခြင်းကို ခံရပါသော်လည်း မတုန်လှုပ်ခြင်း၊ စစ်ချီ၍ တိုက်လျှင် သေဆုံးရမည်ဖြစ်သော်လည်း ထိုအမှုအရာ၌ စိုးရိမ်ကာ တုန်လှုပ်နေခြင်းထက် ဘုရားသခင်ကို အရင်ဆုတောင်းကာ တည်ငြိမ်စွာဖြင့် အကွက်ကျကျ ပြင်ဆင်ခြင်းတို့သည် ကျွန်ုပ်တို့အတွက် ဆင်ခြင်စရာပင်ဖြစ်ပေသည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet