ပြန်လည်ရေတွက်ခြင်း

အသက်တာတစ်လျှောက်လုံးတွင် လည်ပြန်လှည့်ကြည့်လိုက်လျှင် ကျေးဇူးတော်တွေနှင့် ပြည့်နှက်နေသည်ကို သတိပြုမိကြမယ်ထင်ပါတယ်။ ပြန်လည်ရေတွက်လို့တောင် မရနိုင်လောက်အောင် ကျေးဇူးတော်ကြီးမားလွန်းလှပါတယ်လို့ ခံစားမိပါတယ်။
တခါတလေမှာတော့ ကျွန်တော်တို့တွေဟာ လက်ရှိခံစားရသော အခက်အခဲပြဿနာ၊ အဆင်မပြေခြင်း၊ ငိုကြွေးစရာ၊ နာကျဥ်ခြင်းတွေကြုံရတဲ့အခါ ကျေးဇူးတော်ဆိုတာကို မေ့လျော့ကာ ဖြစ်မှဖြစ်ရလေခြင်း ငါ့ကျမှဖြစ်ရလားဟု ပြစ်တင်မိခြင်း၊ မြည်တမ်းမိခြင်းဖြစ်တတ်ကြပါတယ်။
အဖြူရောင်စက္ကူတစ်ရွက်ကို အလယ်မှာ မှင်အမဲလေးစွတ်ပြီး လူတွေကိုလိုက်ပြကြည့်တဲ့အခါမှာ ဘယ်အရာကိုမြင်ကြမယ်လို့ ထင်ပါသလဲ။ အဖြူရောင်ဟာများပေမယ့် အမဲရောင်ကိုသာမြင်တတ်ကြပါတယ်၊ စာရွက်၏အလယ်မှ မှင်အမဲကိုသာ လက်ညှိုးထိုး၍ မြင်တတ်ကြတာ လူ့သဘာဝတစ်ခုပါပဲ။
သို့သော် ထိုအထဲမှာတော့ ယုံကြည်သူတွေ မပါကြဖို့ သတိပြုဆင်ခြင်စေချင်ပါတယ်။ အသက်တာကို ပြန်လည်ဆင်ခြင်စေချင်ပါတယ်။ ငယ်စဥ်ကထဲမှ ခုချိန်ထိ ကျေးဇူးတော်တွေကို ပြန်လည်ရေတွက်ရင်း ကျေးဇူးတော်ချီးမွမ်းစရာဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ စာရွက်၏အလယ်မှ မှင်အမဲကို မြင်ရသော်လည်း ပတ်လည်မှ အဖြူရောင်ကိုလဲ မြင်၍ ကျေးဇူးတော်ကို သိမှတ်တတ်စေဖို့ရာ အရမ်းအရေးကြီးပါတယ်။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၁၈
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
ဒါ့ကြောင့် မိမိယုံကြည်သူတို့၏ ဘဝမှာ ခံစားခဲ့ရသော ကျေးဇူးတော်တွေကို ပြန်လည်ရေတွက်ကြည့်ပါ၊ ဆက်လက်၍လည်း လာနေစဲဖြစ်သော ကျေးဇူးတော်တို့သည်လည်း ရှိနေပါသေး၏။ လက်ရှိခံစားနေရသော အခက်အခဲတွေ၊ အဆင်မပြေခြင်းတွေ၊ နာကျဥ်ရခြင်းတွေကိုသာ မြင်ယောင်မနေဘဲ ခံစားခဲ့ရသောကျေးဇူးတော်များနှင့် လာလတံ့သော ကျေးဇူးတော်များကို ဆက်လက်၍ ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြသူများဖြစ်ကြပါစို့။ မိမိတို့သည် ကျေးဇူးတစ်ပါးမှ ကျေးဇူးတစ်ပါး ထပ်ဆင့်၍ ခံစားရမှာဖြစ်တယ်ဆိုတာကို အနည်းငယ် ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet