ဘယ်လိုလူအုပ်ထဲမှာပါတာလဲ

ခရစ်ဝင်ကျမ်းတွေကိုကြည့်တဲ့အခါမှာ ယေရှုနောက်ကိုလိုက်တဲ့သူတွေအများကြီးကိုတွေ့ရတယ်။ ဘာ့ကြောင့်လိုက်တာလဲဆိုတဲ့ ရည်ရွယ်ချက်၊ မျှော်လင့်ချက်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားကြတယ်။
တချို့က မုန့်ကိုစားရလို့၊ တချို့က နိမိတ်လက္ခဏာမြင်ရလို့၊ တချို့ကလဲ နိမိတ်လက္ခဏာကို မြင်ချင်လို့၊ တချို့ကျပြန်တော့ ကျန်းမာချင်တယ်၊ မျက်စိမြင်ချင်တယ်၊ ခြေထောက်ကောင်းချင်တယ်၊ နတ်ဆိုးနှိပ်စက်ခြင်းကလွတ်မြောက်ချင်တယ်၊ တချို့ကလဲ မိမိသားသမီးအသက်အန္တရာယ်စိုးရိမ်လို့၊ သေသွားလို့ စသဖြင့်အမျိုးမျိုးကိုတွေ့ရတယ်။ ယေရှုနောက်ကိုလိုက်တဲ့ သူတွေအထဲမှာမှ ကားတိုင်တက်တဲ့အခါမှာ လက်ဝါးကားတိုင်မှာရိုက်ထားပါ၊ ဗာရဗ္ဗ နဲ့လဲစေတော့လဲ ထိုသူအချို့ပါဝင်ကြတာဘဲ၊ သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌၎င်း တည်ရှိပါစေလို့ပြောပြန်တာလဲ သူတို့ဘဲဆိုတာကိုတွေ့ရပြန်ပါတယ်။
မိမိရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတွေနဲ့ အခြေခံထားတဲ့ ကိုးကွယ်မှု၊ ယုံကြည်မှုသည် တည်မြဲခြင်းမရှိသလို ပြိုလဲပျက်ဆီးရာမှာတောင် (Slow Motion) မရှိတတ်ကြပေ။ လေယူရာယိမ်းတဲ့ သစ်ပင်လို ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ဈေးကွက်တွက်ကာ ကိုးကွယ်ယုံကြည်မှုတစ်ခုလို စီးပွားရေးဆန်ဆန် ဒီရေအလား နိမ့်တလှည့် မြင့်တဖုံ၊ အမြတ်နည်းတဲ့စီးပွားရေးကို သူဌေးသည် ဖြုတ်ပြီး အခြားစီးပွားရေးပြောင်းလုပ်သကဲ့သို့ အခြေမခိုင်ကာ ယိုင်လဲပြိုပျက်တတ်ပေသည်။
ယေရှုနောက်လိုက်သော လူအုပ်ကြီးသည် ယခုခေတ်တွင်လည်းရှိနေသေး၏။ ကယ်တင်ခြင်းဧဝံဂေလိသတင်းစကားထက် နိမိတ်လက္ခဏာသာမြင်ချင်သော လူအုပ်ကြီး၊ ယေရှုနောက်ထက် အောင်မြင်ခြင်းနောက်လိုက်သောလူအုပ်ကြီး၊ ကျန်းမာခြင်းနောက်လိုက်သော လူအုပ်ကြီး၊ အဆင်ပြေခြင်းနောက်လိုက်သော လူအုပ်ကြီး၊ စသဖြင့်အမျိုးမျိုးသော အရာတွေနောက်သာ လိုက်ချင်သော လူအုပ်ကြီးတွေရှိနေသေးတယ်ဆိုတာကိုနားလည်ရပါတယ်။ နိမိတ်လက္ခဏာတွေ၊ အဆင်ပြေခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်း စသဖြင့်တွေနောက်သာ လိုက်သောသူတွေဟာ ယုံကြည်ခြင်းမှာ မတည်မြဲဘူးဆိုတာကိုနားလည်ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့တွေသည် လူတွေကို ကယ်တင်ခြင်းစိတ်ချရဖို့၊ ယုံကြည်ခြင်းတည်မြဲခိုင်မာစေဖို့၊ အသက်တာပိုင်းစိတ်ချရဖို့သာ ဦးစားပေးသွန်သင်ရင်း လူတွေအတွက် ကယ်တင်ခြင်းဧဝံဂေလိသတင်းကောင်းစကားကို ပို၍ကြားပြောသင့်တယ်ဆိုတာကိုနားလည်ရပါတယ်။
ကျွန်တော်တို့တွေသည် ယေရှုခရစ်တော်တောင် မလုပ်ခဲ့သော အရာများနှင့်သာအချိန်ကုန်နေပြီး ဒီလူအုပ်ကြီးအတွက် ဧဝံဂေလိသတင်းစကားကိုအရေးမထားဘဲ နမိတ်လက္ခဏာတွေကိုသာ အရေးထားနေမိတာလား။ ဘုရားသခင်ကိုမြင်ဖို့ထက် သင်နှင့်ကျွန်ုပ်ကိုသာ မြင်နေစေမိတာလား၊ ယေရှုကိုရသွားစေဖို့ထက် နမိတ်လက္ခဏာတွေကိုသာ ရသွားစေမိသလား။ ဒီလိုပြောလို့ နမိတ်လက္ခဏာပြခြင်း ပြုခြင်းသည် မှားတယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ အဓိကနဲ့ သာမညကိုတော့ ခွဲခြားသိမြင်ဖို့သာဖြစ်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်ကရော ဘာဖြစ်လို့ ယေရှုခရစ်တော်နောက်ကိုလိုက်နေတာလဲ။ မုန့်ကိုစား၍ဝသောကြောင့်လား၊ ကျန်းမာခြင်း၊ အဆင်ပြေခြင်း နမိတ်လက္ခဏာတွေကြောင့်လား။ တကယ်ပဲ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်လို့၊ ယုံကြည်ခြင်းခိုင်မြဲလို့မှဟုတ်ရဲ့လား။ မိမိရဲ့ဇာတိတွေကိုငြင်းပယ်လို့ ကိုယ်လက်ဝါးကားတိုင်ကိုယ်ထမ်းပြီး နောက်တော်သို့လိုက်နေတာမှဟုတ်ရဲ့လားဆိုတာကတော့ ...
မိတ်ဆွေ သင်ရော ဘယ်လိုလဲ ...
ရှင်မဿဲခရစ်ဝင် ၁၆:၂၄
ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet