December 23, 2024

အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်း

ကျွန်တော်တို့၏ နေ့ရက်များသည် တစ်ရက် တစ်ပတ် တစ်လနှင့် လများ ရက်များ နှစ်များသာ ကူးပြောင်းရင်း ဤလောကကြီးထဲတွင် လှုပ်ရှားရုန်းကန်နေကြသည်။ အိပ်ပျော်ရာမှ နိုးထခြင်းသာမက နိုးထရာမှ အိပ်ပျော်ခြင်းသည်လည်း နိစ္စဓူဝပင် ...

 

တခါတရံတွင် အိပ်ပျော်ခြင်းနှင့် နိုးထခြင်းသည်ပင်လျှင် ကျေးဇူးတော်ဆိုသည်ကို ကျွန်ုပ်တို့မေ့လျော့တတ်ကြသည်မဟုတ်ပါလား ... 

 

ဒါဝိဒ်ကတော့ ရန်သူများ၏ ဝန်းရံခြင်း၊ လိုက်လံသတ်ဖြတ်ခြင်းများကြောင့် ရှောင်တိမ်းကာ ထွက်ပြေးပုန်းရှောင်နေရသော်လည်း "သူ၏ အိပ်ပျော်ခြင်းနှင့် နိုးထရခြင်း" သည် ဘုရားသခင်၏ မစခြင်းကျေးဇူးတော်ကြောင့်ဟူ၍ ကြွေးကြော်ထားသည်ကို ၃ ခုမြောက်သော ဆာလံတွင် ထင်ရှားစွာတွေ့ရပေသည်။

 

ဆာလံကျမ်း ၃:၅

 ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏။

 

သားဖြစ်သူ၏ ပုန်ကန်ခြင်းကြောင့် စိတ်နှလုံးနာကျင်နေရသော်လည်း၊ အသက်အန္တရာယ်ကြောင့် ရန်သူများ၏ ဝန်းရံခြင်းကြောင့် လိုက်လံသတ်ဖြတ်ခြင်းကြောင့် ရှောင်ပုန်းနေရသော်လည်း၊ လမ်းခရီးကြမ်းတမ်းခြင်းကြောင့် ပင်ပန်းနွမ်းလျှနေပါသော်လည်း ထိုအိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းအခွင့်သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဟု သူသိမှတ်ထားသည်မဟုတ်ပါလား ...

 

ယနေ့ ကျွန်ုပ်တို့၏ အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းသည် ကျေးဇူးတော်ပင် ... ထို့အတူ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ အမျိုးမျိုးသော ဝန်းရံခြင်း၊ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ရေးရာဆိုင်ရာ ဖိစီးမှု နှောက်ယှက်မှုများကြောင့် နာကျင်ရသည့်အချိန်လည်း ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း ဒါဝိဒ်ကြီးကဲ့သို့ ထိုအရာများ၏ ကြားထဲ၌ပင်လျှင် အိပ်ပျော်ရခြင်းနှင့် နိုးထရခြင်းသည် ကျေးဇူးတော်ဟု ဝန်ခံတတ်သောသူများအထဲတွင် သင်နှင့်ကျွန်ုပ်လည်း အပါအဝင်ဖြစ်ပါစေ။

 

ဆုတောင်းချက်။ အဖဘုရားသခင် ... အမျိုးမျိုးသော အခြေအနေများ၏ ကြားထဲ၌ပင်လျှင် အိပ်ပျော်ရခြင်း၊ နိုးထရခြင်းများစွာတို့အတွက် ကျေးဇူးတင်သလို လာမည့်နေရက်များစွာ၌လည်း ထိုအိပ်ပျော်ခြင်းနှင့် နိုးထရခြင်းသည် အချည်းနှီးမဖြစ်ပါစေနှင့်။ အလိုတော်နှင့်ညီသော နိုးထရခြင်းများသာ ဖြစ်စေပါ။ အာမင် ...

 

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

 

#Titus_KyawNyi

 

Photo Crd: Internet

Previous Next