သင်၏ခြေနင်းကိုချွတ်လော့

မောရှေက ဘုရားသခင်၏တောင်လို့အမည်ရသောဟောရပ်တောင်ပေါ်ရောက်တဲ့အခါမှာ မီးလောင်နေတဲ့ချုံပုတ်ကိုမြင်တယ်။ ချုံကမီးလောင်သော်လည်းမကျွမ်းလောင်တာမြင်တော့အံ့ဩလို့သွားကြည့်တဲ့အခါမှာ မောရှေကိုထာဝရဘုရားက မချဥ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့ သင်နင်းတဲ့အရပ်ကသန့်ရှင်းသောမြေဖြစ်တယ်လို့ဆိုတာကိုတွေ့ရပါတယ်။
အဲ့ဒီတောင်ကမြင့်မြတ်တာမဟုတ်ဘူး ၊ အဲ့နေရာက သန့်ရှင်းတာမဟုတ်သော်လည်းဘာဖြစ်လို့သန့်ရှင်းတယ်ဆိုရတာလဲ။ ဒီနေရာက သူများတွေလဲသွားနေကျဖြစ်တဲ့နေရာဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ သူလဲရောက်ဖူးရင်ရောက်ဖူးမှာပေါ့ ဒါပေမယ့်ဘာလို့ခုမှဒီလိုဖြစ်ရတာလဲ။ တကယ်တော့ မြေကသန့်ရှင်းတာ ၊ တောင်ကသန့်ရှင်းတာမဟုတ်သော်လည်း ဘုရားရှိသောအရပ်ဖြစ်တဲ့အတွက်သန့်ရှင်းသောအရပ်ဖြစ်တာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။
ဒါဆိုရင် ယုံကြည်သူနဲ့အတူရှိသော ဧမာနွေလဘုရားရှိရာအရပ်ကရောသန့်ရှင်းတယ်လို့နားလည်ရတာပေါ့။ ဒီလိုဆိုရင်မောရှေကိုခြေနင်းကိုချွတ်ခိုင်းသလို ယနေ့ယုံကြည်သူတွေကတော့ ဧမာနွေလဘုရားကျိန်းဝပ်ရာဗိမာန်တော်ဖြစ်တဲ့နှလုံးသားမြေသည်သန့်ရှင်းရာအရပ်ဖြစ်လို့ ဇာတိခြေနင်းတွေကိုချွတ်ကြဖို့ရာဆင်ခြင်ကြဖို့ရာဖြစ်ပါတယ်။
မိမိရဲ့နှလုံးကိုမိမိတို့သည်စောင့်ရှောက်ကြရမှာဖြစ်တယ်။ လောကမှာကြုံတွေ့ရသောအမျိုးမျိုးသောအခြေအနေတွေပေါ်မူတည်ပြီးဇာတိသဘောအရခြေပခြင်း ၊ ခွန်းတုန့်ပြန်ခြင်း ၊ ငါဆိုတဲ့အတ္တ ၊ အပြစ်တင်ခြင်း ၊ ရန်တွေ့ခြင်း ၊ ကြိမ်ဆဲခြင်းဆဲရေးခြင်း ၊ စသဖြင့်အမျိုးမျိုးသော ဇာတိခြေနင်းတွေကရှိသော်ငြားလဲပဲ ဒီအရပ်ကလမ်းဘေးမဟုတ်ဘူး ၊ ဇရပ်မဟုတ်ဘူး ၊ ဒီအရပ်ကတောချုံအုံကြားမဟုတ်ဘူး ၊ ဒီအရပ်ကစစ်ပွဲဖြစ်ရာစစ်မက်ဖြစ်ပွားရာနေရာမဟုတ်ဘူးဆိုတာသတိထားကြဖို့ဖြစ်ပါတယ်။ ဒီအရပ်သည်သန့်ရှင်းသောအရပ် ၊ ဒီအရပ်သည်ဧမာနွေလဘုရားကျန်းဝပ်ရာအရပ် ၊ ဒီအရပ်သည်သင်၏ဇာတိခြေနင်းချွတ်ရမည့်အရပ်ဆိုတာကိုအမြဲတမ်းဆင်ခြင်မိဖို့အရေးကြီးပါတယ်။ သင်နှင့်ကျွန်ုပ်၏နှလုံးသားမြေသည် ထိုကဲ့သို့သောအညစ်အကြေးတွေစုသိမ်းထားနိုင်တဲ့အမှိုက်ပုံးများဖြစ်နေပါသလား။ အမှိုက်ပုံးကိုအမှိုက်ထည့်တာမဆန်းပါသော်လည်း သန့်ရှင်းရာမြေမှာအမှိုက်ပစ်ပြီး ခြေနင်းစီးတာဟာသိပ်ကိုဆန်းကြယ်လွန်းပါတယ်။ မလုပ်သင့်မလုပ်အပ်ရာဖြစ်သောကြောင့် ကျွန်ုပ်တို့၏နှလုံးသားမြေကိုစောင့်ရှောက်ရင်း သန့်ရှင်းသောဘုရားကျိန်းဝပ်ရာဗိမာန်တော်ဖြစ်သောကြောင့် ဇာတိခြေနင်းတွေကိုချွတ်ကြရအောင်လို့ အနည်းငယ်ဝေမျှတိုက်တွန်းခွန်အားပေးချင်ပါတယ်။
ထွက်မြောက်ရာကျမ်း ၃:၅
ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍လည်းကောင်း၊
ဘုရားရှင်ဆက်လက်စကားပြောပါစေ။