မိမိနှလုံးသားကိုစောင့်ရှေက်ပါ

ဒီနေ့မနက်ခင်းပိုင်းမှာ အပြင်ခနသွားပြီး အိမ်ပြန်လာပါတယ်။ ကားပေါ်ကဆင်းလာတဲ့အချိန်မှာ မြေကချောနေတဲ့အတွက်ကြောင့် နင်းမိပြီးခြေချော်သွားပေမယ့် ပြန်ထိန်းလိုက်နိုင်သောကြောင့် ဘာမှမဖြစ်ခဲ့ပါ။ တခြားနေရာတွေကိုကြည့်တော့ ချောနေတာမျိုးမရှိသောကြောင့် အမေ့ကို ယခုကဲ့သို့သတိပေးလိုက်ပါတော့တယ်။ "ကျန်တဲ့နေရာတွေအကုန်ကောင်းတယ်အမေ ၊ တစ်နေရာပဲချောနေတယ် အဲ့နေရာကိုသတိထားပါ"
ဒါနဲ့သိပ်မကြာလိုက်ခင်မှာ အမေချော်လဲပါတယ်။ အဲ့တစ်နေရာကိုပဲနင်းမိပြီးလဲကျခြင်းဖြစ်ပါတယ်။ တခြားနေရာတွေမှာဘာမှ ချောနေတာမျိုးမရှိပေမယ့် ချောနေတဲ့နေရာလေးတစ်နေရာဟာ လူကိုဒီလောက်တောင်လဲကျစေပါလားဆိုတာကိုဆင်ခြင်မိပါတယ်။ ကျေးဇူးတော်ပါပဲ အမေဘာမှထိခိုက်မိတာမရှိပါ။
ဒီလိုပါဘဲ ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာ ဘယ်အရာတွေမှာထိုမြေကဲ့သို့ဖြစ်နေသလဲ ၊ ချောနေသောမြေကဲ့သို့ လဲကျစေနိုင်သောကြောင့် သတိပြုရမည်ဖြစ်ပေသည်။ ဒါ့ကြောင့်မိမိရဲ့ နှလုံးသားကို စောင့်ရှောက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေကိုယ်စီမှာ အားနည်းချက်ဆိုတာရှိတတ်ကြပါတယ်။ တစ်ချို့က ငွေကြေးကိုမက်တယ် ၊ မုသာအရမ်းပြောတတ်တယ် ၊ ဝါကြွားတတ်တယ် ၊ မနာလိုခြင်းတွေရှိတတ်တယ် ၊ မေထုန်အရမ်းတပ်မက်တယ် အစရှိသဖြင့် ချောနေတဲ့မြေတစ်နေရာစီရှိတတ်ကြပါတယ်။ ကျန်တဲ့နေရာတွေကောင်းနေပါသော်လည်း ထိုနေရာအားဖြင့်လဲကျတတ်တယ်ဆိုတာကို ဆင်ခြင်ပြီး သတိထားဖို့လိုအပ်ပါတယ်။
ချော်လဲမယ် ဒီနေရာချောနေပါတယ်လို့ သတိပေးထားရ
က်နဲ့ သတိလဲထားပါရက်နဲ့ အမေလဲကျခဲ့တယ်။ ဒီလိုပါပဲ
ကျွန်တော်တို့တွေသည် မိမိရဲ့အားနည်းချက်ကိုသိနေပါရက်နဲ့ လဲကျခြင်းတွေများစွာလဲရှိပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို စုံစမ်းခြင်းတွေမှာလဲကျတတ်သောကြောင့် သမ္မာသတိရှိလျှက် မိမိ၏နှလုံးသားကိုစောင့်ရှောက်ကြဖို့ရာလိုအပ်ပါတယ်။
ဒါဝိဒ်မင်းကြီးဟာ ဗာသရှေဗရေချိုးနေတာကိုမြင်၍ တပ်မက်သောကြောင့် မှားယွင်းခဲ့တယ်။ မတရားသောမေထုန်ဆိုတဲ့တစ်နေရာ သူချောနေခဲ့တယ်။ ကြည့်လို့ မြင်တယ် မြင်လို့ ဘယ်သူလဲဆိုတာမေးတယ်။ သို့သော် သိရက်နဲ့မှားယွင်းသောအမှုကိုပြုမိတယ် ဆိုတာကိုနားလည်ရတယ်။ ဒါပေမယ့် သူဟာတကယ် စစ်မှန်တဲ့နောင်တရသောကြောင့် နောက်တစ်ခါဘယ်တော့မှ ဒါမျိုးမရှိတော့ဘူး ဒုတိယဗာသရှေဗမျိုးဆိုတာမရှိတော့တာကိုနားလည်ရပါတယ်။ မှားတာကိုထောက်ပြလို့ ငါကဘုရားဘိတ်သိပ်ဘုရင်ကွ ဘုရားလူကိုထိလို့ မင်းသေမယ်ဆိုတာမရှိခဲ့ပါ။ ဘေးကသူ့လူတွေကလဲ ထိုသို့မပြောပါ။ ဒါဝိဒ်က မှားသွားတာသိလို့ စစ်မှန်တဲ့နောင်တနဲ့တောင်းပန်တယ်။ ကယ်တင်ခြင်းရပြီးပြီ မတောင်းပန်ဘူး တောင်းပန်စရာလဲမလိုပါဘူးဆိုသော အယူလွဲခြင်းမရှိပါ။
ကျွန်တော်တို့တွေဟာ လဲကျခဲ့တာတွေကို စစ်မှန်သောနောင်တနဲ့ပြန်လည်ဝန်ချတောင်းပန်ကာ သခင်ဘုရားထံပြန်လည်ဆပ်ကပ်တိုးဝင်ဖို့လိုပါတယ်။ နောက်ဘယ်တော့မှ ထပ်ပြီးလဲမကျစေဖို့နဲ့ မိမိရဲ့အားနည်းချက်တွေကိုရော အရာရာကို သမ္မာသတိနဲ့ဆင်ခြင်ကာ နှလုံးသားကိုစောင့်ရှောက်ကြရင်း ခရစ်ယာန်အသက်တာမှာ သမ္မာတရားကို သမ္မာသတိနဲ့ထိန်းကြဖို့ရာအနည်းငယ်ခွန်အားပေးချင်ပါတယ်။
သုတ္တံကျမ်း ၄:၂၃
နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi