December 26, 2024

ဖုံးကွယ်ကြ​သော်လည်း

လူတို့သည် အ​ကြောင်းတစ်ခုခုကိုဖြစ်​စေ၊ အဖြစ်အပျက်ဖြစ်​စေ၊ ခံစားချက်ဖြစ်​စေ စသဖြင့်တို့ကို ဖုံးကွယ်ကြခြင်းအမျိုးမျိုးရှိကြသည်။ မိမိတို့၏ အားနည်းချက်ကို လူသိမခံကာ ဖုံးကွယ်ခြင်းလည်းရှိကြသည်။ အားနည်းချက်၊ အားသာချက်၊ ​ကြောက်စိတ်၊ အားငယ်စိတ် စသဖြင့် အမျိုးမျိုးကို ဖုံးကွယ်​လေ့ရှိကြသည်မှာ လူ့သ​ဘောသဘာဝတစ်ခုဟုဆိုလျှင်လည်း မမှား​ချေ။ 

ထို့အတူ လူဆိုးလူမိုက်အချို့သည် သူတို့၏လူမိုက်အုပ်စု၊ လက်နက် စသဖြင့်တို့အားဖြင့် သူတို့၏ ​ကြောက်စိတ်ကို ဖုံးကွယ်တတ်ကြ​ပေသည်။ ဥပမာဆိုရလျှင် ရပ်ကွက်ထဲတွင် သူခိုးဝင်သည်ဟု သိကြလျှင် ထိုသူခိုးအား ရပ်ကွက်မှလူအများတို့သည် လိုက်ဖမ်း​လေ့ရှိကြသည်။ ထိုအချိန်တွင် သူခိုးသည် ​ကြောက်​နေပါ​သော်လည်း သူ၌ပါ​သော ဓါး၊ တုတ် စ​သောလက်နက်တစ်ခုခုဖြင့် သူ၏​ကြောက်စိတ်ကို ဖုံးကွယ်ကာ လူထုအား ပြန်လည်​ခြောက်လှန့်တတ်သည်မဟုတ်ပါလား။ 

လူတို့သည် မိမိတို့၏ ဖုံးကွယ်ချင်သည့် အရာအမျိုးမျိုးကို အမျိုးမျိုး​သောနည်းလမ်းများအား အသုံးပြု၍ ဖုံးကွယ်​လေ့ရှိကြသည်။ ​ငွေ​ကြေးအားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့်၊ စသဖြင့် အမျိုးမျိုးဖုံးအုပ်ကြသည်။ အပြစ်ဒုစရိုက်ကို ရာထူးစည်းစိမ် အာဏာပါဝါ အားဖြင့် ဖုံးကွယ်ခြင်း၊ ပျင်းသည့်စိတ်ကို အ​ကြောင်းပြချက်ဖြင့်ဖုံးကွယ်ခြင်း၊ ​ကြောက်စိတ်ကို တစ်ခုခုဖြင့် ဖုံးကွယ်ခြင်း စသဖြင့် ဖုံးကွယ်ခြင်းအမျိုးမျိုးသည် ကျွန်ုပ်တို့​လောကတွင် ​တွေ့ကြုံ​နေကျဖြစ်​ပေလိမ့်မည်။ 

ကမ္ဘာဦးကျမ်း ၃:၁၂-၁၃
လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကိုလှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။ 

ကမ္ဘာ​ပေါ်တွင် ပထမဦးဆုံး ဖုံးကွယ်ခြင်းကိုပြုခဲ့​သော သူနှစ်ဦးရှိခဲ့သည်။ ထိုသူတို့မှာ အာဒံနှင့်ဧဝပင်ဖြစ်သည်။ ထိုသူတို့သည် ​တားမြစ်ထားသည့် ကောင်းမ​ကောင်းသိကျွမ်းရာအပင်၏ အသီးကို စားခဲ့​သော်လည်း လက်ညှိုးသာအပြန်အလှန်ထိုး၍ ဖုံးကွယ်ခြင်း၊ ​ရှောင်ပုန်းခြင်းများကိုပြုခဲ့ကြသူနှစ်ဦးဖြစ်ကြသည်မဟုတ်ပါလား။ အာဒံကလည်း ကိုယ်​တော်​ပေးသည့် မိန်းမ​ကြောင့်ဟု လက်ညှိုးထိုးသကဲ့သို့ ဧဝကလည်း ​မြွေ​ကြောင့်ဟုသာ လက်ညှိုးထိုးပေသည်။ ထိုသည်မှာ အာဒံနှင့်ဧဝတို့သည် သူတို့၏လုပ်ရပ်ကို ဖုံးကွယ်ခြင်း၊ မစားရဟူ​သော တားမြစ်ချက်ကို ​ဖောက်ဖျက်၍ ဖုံးကွယ်ခြင်းများပင်ဖြစ်​ချေသည်။ 

သို့​သော် ဘုရားသခင်သည် အကုန်သိ​သောဘုရားသခင်ဖြစ်သည်။ နှုတ်မှထုတ်မ​ပြောကြ​သော်လည်း သင်​ကြောက်​နေသလား၊ သင်မတရားလုပ်ထားသလား၊ သင်အပြစ်ဒုစရိုက်လွန်ကျူးသလား၊ အဓမ္မလမ်းစဥ်လိုက်​နေသလား၊ သင်လူသတ်​နေသလား၊ သင်အနိုင်ကျင့်​နေသလား၊ သင်နှိပ်စက်​နေသလား၊ သင်လူမိုက်အား​ပေးလုပ်​နေသလား စသဖြင့် သင်မည်သည့်အလုပ်ကိုလုပ်​နေပါ​စေ ဘုရားသခင်အကုန်သိပါသည်။ သူခိုးလူမိုက်ကဲ့သို့ လက်နက်အားကိုး၍ ​ကြောက်စိတ်ကိုဖုံးကွယ်သကဲ့သို့ ဖုံး၍မရသလို၊ အာဒံနှင့် ဧဝကဲ့သို့ အပြစ်ဖို့လက်ညှိုးထိုးကာ ဖုံးကွယ်၍လည်း မရ​ချေ။ နားလည်နိုင်ဖို့ရာ ဘုရားသခင်​ကောင်းကြီးရှိပါ​စေ။ 

ဆာလံကျမ်း ၁၃၉:၄
အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next