အဘယ်အကျိုးကိုရလိမ့်မည်နည်း
ကျွန်တော်တို့တွေသည် တခါတလေမှာ အမြင်နဲ့ အားငယ်တတ်ကြတယ်။ တခါတခါတော့လည်း အထင်နဲ့ပေါ့။ ဒီလိုပါပဲ ကိုယ့်မှာရှိတဲ့အရာလေးကိုကြည့်ရင်း သူများမှာရှိတာလေးနဲ့ ယှဥ်ကြည့်ရင်း အားငယ်သွားတတ်ကြတယ်။ ဒါဖြစ်လေ့ဖြစ်ထရှိတတ်ကြတဲ့ လူ့သဘာဝတစ်ခုပါပဲ။ သမ္မာကျမ်းစာထဲတွင် ရန်သူ၏ အခြေအနေကိုကြည့်၍ စိတ်ပျက်ခဲ့ကြသူများလည်းရှိကြသည်။ ရန်သူရဲ့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ခွန်အားမမျှခြင်း၊ လက်နက်ရှိခြင်း၊ လူအင်အားများခြင်း၊ ဩဇာရှိခြင်း၊ အာဏာရှိခြင်းတွေကြားထဲ အားငယ်စွာ လဲကျသွားတဲ့အထဲတွင် ဒါဝိဒ်မပါခဲ့ပါ။
ဒါဝိဒ်သည် သာမန်သိုးကျောင်းသားဖြစ်သကဲ့သို့ လူငယ်လေးတစ်ဦးဖြစ်သည်။ ဖခင်နှင့် အစ်ကိုဖြစ်သူများကလည်း ကလေးဟုသာသတ်မှတ်ထားသည်။ ဒါဝိဒ်သည် သိုးကျောင်းတတ်သည်၊ တီးမှုတ်သီချင်းဆိုတတ်သည်၊ လောက်လွှဲပစ်တတ်သည့် ပြည်သူတစ်ဦးသာဖြစ်ပေသည်။
တစ်နေ့သောအချိန်တွင် ဖိလိတ္တိလူတို့နှင့် ရှောလုတို့ စစ်ခင်းကြရမည့်အချိန်ကာလရောက်ရှိလာခဲ့သည်။ ဧလာချိုင့်နားတွင် တပ်ချ၍ တစ်ဖက်စီတောင်ပေါ်တွင်ရပ်လျှက်နေကြသည်တွင် ဖိလိတ္တိလူ ဂေါလျတ်သည် ကြောက်စရာကောင်းလောက်သည့်သွင်ပြင်ဖြင့် ရှောလုတို့အား တုန်လှုပ်စေခဲ့သည်။ သူသည် ခြောက်တောင်နှင့်တစ်ထွာ အရပ်မြင့်သည်၊ သူ၏သွင်ပြင်လက္ခဏာမှာ ကြောက်စရာကောင်းသည့်မျက်နှာထားရှိနိုင်မည်၊ မဲမဲမြင်ရာ ဖျက်ဆီးသည့် အရိုင်းအစိုင်းဖြစ်သလို၊ သနားညှာတာမှုကင်းသည့် ခွန်အားကြီးသော သတ္တဝါဆိုးကြီးလည်းဖြစ်ပေသည်။
စစ်သူရဲဝတ်စုံ အပြည့်အစုံနှင့် စိန်ခေါ်နေသူလည်းဖြစ်သည်။ ကြေးဝါခမောက်၊ ကြေးဝါခြေစွပ်၊ ကြေးဝါချပ်ဝတ်တန်ဆာ၊ ကြေးဝါကိဒုန်လက်နက်စွဲကိုင်လျှက် လှံရိုးသည်ပင်လျှင် ရက်ကန်းလက်လိပ်အမျှကြီးသည့်အရာဖြင့် ထွက်လာလေသည်။ သံခြောက်ပိဿာ အချိန်ရှိသည့် လှံတံကိုကိုင်လျှက် စိန်ခေါ်အော်ဟစ်လျှက်နေလေသည်။ ရှောလုတို့သည် ထိုသူ၏ တစ်ယောက်ချင်းချမည် ရှုံးသူကျွန်ခံစတမ်းဟု စိန်ခေါ်ခြင်းကိုကြားရသည့်အခါ အလွန်စိတ်ပျက်လျက် ရှိနေကြသည်။ ကြောက်မည်ဆိုလျှင်လည်း ကြောက်နိုင်ပေသည်။ စစ်သူရဲချင်းလည်းကွာ၊ လှတံသည်ပင် ခြောက်ပိဿာအလေးချိန်ရှိသည်ကိုသာ စဥ်းစားကြည့်ပေတော့ ... ထို့ကြောင့် လူလည်းကွာ၊ လက်နက်လည်းကွာသည့် စစ်သူရဲကို ယှဥ်ပြိုင်ရန်ကြောက်ရွံ့တုန်လှုပ်သည်မှာ ထူးတော့လည်း မထူးဆန်းပေ။ ထိုဂေါလျတ်သည် အရက်လေးဆယ်ပတ်လုံးတွင် နံနက်တစ်ခါ ညတစ်ခါ စိန်ခေါ်လျှက်နေလေသည်။ တစ်ရက်မှာတော့ ဖခင်ဖြစ်သူ ယေရှဲပို့ခိုင်းသောအရာများကို ဒါဝိဒ်သည် အစ်ကိုတို့ထံသို့ သွားပို့သည့်အချိန်တွင် ဂေါလျတ်၏ ကြိမ်းပခြင်းကို အမှတ်မထင် ကြားခဲ့ရသည်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၂၆
ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မိမိအနားမှာရှိသောသူတို့အား မေးမြန်းလျှင်၊-
ဒါဝိဒ်၏ အမြင်တွင် ထိုဂေါလျတ်၏ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုပ်ခြင်း၊ သနားညှာတာမှုကင်းခြင်း လက်နက်ရှိခြင်းဆိုသည်ထက် ထိုရန်သူကို နိုင်လျှင်အဘယ်သို့ဖြစ်မည်နည်းဟုသာ စတင်စဥ်းစားခြင်းကိုတွေ့ရသည်။ ထိုသူကိုလည်း ထာဝရဘုရား၏နာမ ဘုရားသခင်၏ ဗိုလ်ခြေတို့အား ကြိမ်းပစော်ကားခြင်းပြုသော ဖိလိတ္တိလူဟုသာ မြင်သည်။ တနည်းဆိုရလျှင် မိမိသည် လောက်လွှဲသာပစ်တတ်သော်လည်း ထိုသူ၏ စစ်သူရဲဖြစ်ခြင်း၊ လက်နက်ရှိခြင်း၊ အင်အားမမျှခြင်း၊ ကြောက်မက်ဖွယ်ကောင်းခြင်းတွေထက် မတရားသဖြင့်စော်ကားခြင်းကိုသာ မြင်သည်။
တခါတရံတွင် ရန်သူနှင့် နှိုင်းယှဥ်မရလောက်အောင် ဆန့်ကျင်ဖက်ဖြစ်လွန်းသည့်အခါတွင် ကျွန်တော်တို့သည် ထိုသို့မြင်တတ်ရန်လည်းလိုအပ်ပေသည်။ စိတ်ပျက်အားငယ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အင်အားမမျှခြင်း၊ ငိုကြွေးမြည်တမ်းခြင်းထက် ဒါဝိဒ်ကဲ့သို့ ထိုသူကိုနိုင်လျှင်ဆိုသည့် အဖြေဘက်သို့ ဆက်လက်စဥ်းစားကြည့်လျှင် အဓမ္မလမ်း၊ မတရားသောအမှု၊ ဘုရားသခင်၏ နာမတော်ကိုစော်ကားသောအမှု၊ ဘုရားသခင်၏ ဗိုလ်ခြေကိုကြိမ်းပခြင်း၊ အဓမ္မတရားကို မြင်တတ်လာကာ သမ္မာတရားဘက်၌ ရပ်တည်လာနိုင်ရန် ခွန်အားရှိလာပေမည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet