အောက်မေ့ခြင်း အလင်္ကာ
ဒါဝိဒ်ကြီး၏ ဆင်ခြင်အောက်မေ့ခြင်းများသည် ကျွန်ုပ်တို့အတွက်တော့ အင်မတန်အတုယူဖွယ်ကောင်းလှသည်။ အခြေအနေအမျိုးမျိုးကြားထဲမှ သူ၏ ရင်တွင်းဖြစ် ဆာလံများသည် ထင်းကနဲ ဝင်းကနဲ တောက်ပလျှက်ရှိနေသည်ကို လက်ခံကြမည်ထင်ပါသည်။
ထိုကဲ့သို့ မြည်တမ်းခြင်းများ၊ ဆင်ခြင်အောက်မေ့ခြင်းများ၊ ချီးမွမ်းခြင်းများ စသဖြင့် အဖွဲ့အနွဲ့ အရေးအသားတို့သည် ကျွန်ုပ်တို့အတွက်တော့ ခွန်အားယူပြီးရင်း ယူနေရသည့် ဆာလံတေးသီချင်းများပင် ...
ဒါဝိဒ်၏ "Metaphor" အလင်္ကာဖွဲ့နွဲ့ကာ ဆင်ခြင်အောက်မေ့ခြင်းတို့တွင် သိုးနှင့် သိုးထိန်းသည် ထင်ရှားလှသည်ကိုလည်း ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ သိုးကျောင်းခြင်းမှသည် သိုးနှင့် သိုးထိန်းတို့၏ အလေ့အလာနှင့် ထာဝရဘုရားနှင့် သူ၏ ရင်းနှီးကျွမ်းဝင်မှု၊ ယုံကြည်စိတ်ချမှု၊ ထောက်မမှု၊ ကွယ်ကာမှုတို့အား တင်စားကာ ဆင်ခြင်ခဲ့သည်ကို "၂၃ ခုမြောက်သော ဆာလံ" တွင် မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလား ...
ထိုနည်းတူ တောင်ရိုးကို မြင်မိကာ မျှော်ကြည့်ရင်း ထိုတောင်ရိုးအပါအဝင်၊ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းတော်မူသော ထာဝရဘုရားထံမှ သူ့အား မစခြင်းသည် ပေါ်ထွက်ပါသည်ဟု ဆင်ခြင်တတ်သူမှာလည်း ဒါဝိဒ်ကြီးပင်ဖြစ်ချေသည်ကို ကျွန်ုပ်တို့ မငြင်းနိုင်ပါ။
ဆာလံကျမ်း ၁၂၁:၂
ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ယနေ့တွင်လည်း ကျွန်ုပ်တို့သည် ဒါဝိဒ်ထံမှ သင်ယူကာ နေ့စဥ်ဆင်ခြင်အောက်မေ့ရင်း ...
"နေပူ၊ မိုးရွာ" သည်ကို မြင်သည်နှင့် ဘုရားသခင်သည် ကောင်းသောသူ မကောင်းသောသူ၊ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူ အပေါ်မှာလည်း နေကိုပူစေသကဲ့သို့ မိုးကိုလည်း ရွာစေသူပါတကား ...
"ချော်လဲ" သည့်အခါ၌လည်း ဖြောင့်မတ်သောသူသည် ခုနှစ်ကြိမ်လဲသော်လည်း ခုနှစ်ကြိမ်ပြန်ထဦးမည်ဖြစ်သကဲ့သို့၊ အချင်းရန်သူ ငါ့အပေါ်မှာ ဝါကြွားဝမ်းမမြောက်နဲ့ဦး ငါလဲသော်လည်း ထဦးမည်ဟု ကြွေးကြော်ရင်း ...
"ဟောက်သံ" ကြားလျှင်လည်း စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မြိုရမည်နည်းဟု လှည့်လည်ကြည့်ရှုနေသည်ကို သတိပြုလျှက် ...
ခက်ခဲမှုများကြားထဲတွင် အမျိုးမျိုးသောအရာများအား မျှော်လင့်လေ့ မျှော်လင့်ထရှိကြသော်လည်း အရေးအကြီးဆုံးသောအရာမှာ ဒါဝိဒ်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးအပါအဝင် ကျွန်ုပ်တို့အား ဖန်ဆင်းပိုင်သ အုပ်စိုးတော်မူထသော ထာဝရဘုရားသခင်ထံမှ မစခြင်းအကြောင်းကို မျှော်လင့်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet