မြစ်တစ်မြစ်ရှိသေး၏
စိုးရိမ်ပူပန်ခြင်းဆိုသည့်အရာကို ကျွန်ုပ်တို့လူသားတိုင်း ကြုံတွေ့ခံစားဖူးကြသည်။ စိုးရိမ်မှုကို မခံစားခဲ့ဖူးသူမရှိဟု ကျွန်တော်ထင်မြင်မိသည်။ ဆင်းရဲသားတို့၏ စိုးရိမ်မှုသည်တစ်မျိုးဖြစ်သကဲ့သို့ လူချမ်းသာတို့၏ စိုးရိမ်မှုသည် တစ်ဖုံဖြစ်ပေလိမ့်မည်။ ထို့အတူ လူကောင်းတို့၏ ပူပန်ခြင်းသည် တစ်မျိုး၊ မတရားသောသူတို့၏ ပူပန်ခြင်းသည် တစ်ဖုံဖြစ်ချေသည်မဟုတ်ပါလား။ အချို့ကလည်း စားဖို့ပူ၊ အချို့ကလည်း ငွေကြေး၊ အချို့ကလည်း နေရာ၊ ရာထူး၊ အာဏာ၊ စည်းစိမ်အတွက်ပူကြပြန်ပါသေး၏။
လက်ရှိကာလအခြေအနေကိုကြည့်လျှင်လည်း ကျန်းမာနေသူကလည်း အခြားတစ်ခုစိုးရိမ်ရသကဲ့သို့၊ မကျန်းမာသူကလည်း ကျန်းမာရေးအတွက် စိုးရိမ်ရပြန်သည်။ ထို့အတူ ဘေးဒုက္ခအတွက်ပူပန်ရခြင်း၊ ကပ်ရောဂါ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေ စသဖြင့် အမျိုးမျိုးသော ပူပန်စရာများသည် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင်လည်း သူ့အတိုင်းအတာနှင့်သူ အသီးသီးခံစားနေကြရပေလိမ့်မည်။
တခါတလေတွင်လည်း မြင်နေရသည့် အခြေအနေ အဖြစ်အပျက်တို့သည် မိမိတို့၏ မျှော်လင့်ရာကိုပင် ပြိုပျက်သွားစေသကဲ့သို့ဖြစ်စေသည်။ မဖြစ်နိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူး၊ လမ်းဆုံးနေပြီ၊ ကူရာကယ်ရာမဲ့နေပြီ စသဖြင့် စိတ်ဓါတ်ကျစရာ နာကျင်စရာမြင်ကွင်းများဖြင့်သာ အသက်ဆက်စေရသည့်ကာလတစ်ခုကိုလည်း ကြုံတွေကောင်း ကြုံတွေ့ရနေရသည်၊ လက်ရှိကာလတွင်လည်း ဖြတ်သန်းကောင်းလည်း ဖြတ်သန်းနေရပေလိမ့်မည်။
စီးပွားရေးတွေလမ်းဆုံးနေပြီ၊ အလုပ်တွေရပ်နားနေရပြီ၊ ပညာရေးတွေရပ်တန့်နေပြီ၊ ဘာလုပ်ရမယ်မသိတော့၍ ရပ်နားနေရခြင်းတွေဖြစ်နေပြီ၊ ကျန်းမာရေးတွေယုတ်လျော့နေပြီ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု အခြေအနေတွေကြောင့် စိတ်ပျက်နေရပြီ စတဲ့အခြေအနေအသီးသီးတို့ကြောင့် အားပျက်လျှက် မျှော်လင့်စရာပင်မရှိတော့သကဲ့သို့ဖြစ်လာသည့်ကာလသည် မျက်မှောက်ကာလလည်းဖြစ်နိုင်ပေသည်။
သို့သော်လည်း မြစ်တစ်မြစ်ရှိသေး၏။ ထိုမြစ်သည် အခြားမဟုတ် သခင်ယေရှုခရစ်တော်ပင်ဖြစ်သည်။ ဘေးပတ်ပတ်လည်မှ မြည်ဟုန်းသံများ မငြိမ်မသက်ဖြစ်ခြင်းများ သမုဒ္ဒရာရေသည် ဟုန်းဟုန်မြည်၍ မွှေနှောက်ခြင်းများပင်ရှိပါလေစေ၊ လှိုင်းတံပိုးများ၏ ရိုက်ခတ်ခြင်းကြောင့် တောင်များပင်တုန်လှုပ်ပါစေဦးတော့ "မြစ်တစ်မြစ်ရှိနေသေး၏" ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့ကြုံတွေ့နေရသည့် အော့နှလုံးနာစရာ၊ စိတ်ဓါတ်ကျစရာ၊ အားငယ်စိတ်ပျက်စရာ၊ ကြောက်မက်တုန်လှုပ်ဖွယ်ရာ၊ စိုးရိမ်စရာများ စသဖြင့် မည်မျှ မည်သို့ပင် ဟုန်းဟုန်းမြည်၍ ရိုက်ခတ်ခြင်းပြင်းထန်ပါစေ ကျွန်ုပ်တို့၏ ဘဝများ တုန်လှုပ်သွားပါစေဦးတော့ သခင်ယေရှုရှိနေသေး၏။
ဆာလံကျမ်း ၄၆:၄
မြစ်တစ်မြစ်ရှိသေး၏။
ထို့ကြောင့် ချစ်သောမိတ်ဆွေ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် အားငယ်စိတ်ပျက်စရာများ မည်မျှပင် ရိုက်ခတ်နေပါစေ "မြစ်တစ်မြစ်ရှိနေသေးသဖြင့်" အားယူ၍ ရဲရင့်ခြင်းရှိကြပါစို့။ ထိုသခင်သည် ကျွန်ုပ်တို့အတွက် အလုံးစုံတို့၏ အလုံးစုံပင်ဖြစ်သဖြင့် မည်မျှပင် ရိုက်ခတ်ခြင်းများပြင်းထန်နေပါစေ မျှော်လင့်ရာသည် ထိုမြစ်တစ်မြစ်ဖြစ်သော သခင်ယေရှုခရစ်တော်၌ပင် ...
"မြစ်တစ်မြစ်ရှိသေး၏" ဆိုသည့်အရာကို နားထဲတွင် လေးငါးရက်ခန့် ကြားနေမိသည့်အပေါ်၌ ပြန်လည်ဆင်ခြင်၍ ရေးသားခြင်းဖြစ်ပါသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet