ပုဂ္ဂိုလ်စွဲတွေကိုချွတ်ပါ
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အင်မတန် အစွဲအလန်းရှိတတ်ကြသူများသည် ဤလောကတွင်ရှိတတ်ကြသည်။ ထိုအရာများတွင် ခရစ်ယာန်များလည်းပါဝင်တတ်ကြသည်။ ပေးလှူရင်လည်း အစွဲအလန်းနှင့်လှူကြသည်။ အချို့ဆိုရင် ဒီဆရာမဟုတ်ရင် အတန်ခပ်သေးသေး၊ ဒီဆရာမှ အရွက်ကြီး စသဖြင့် ရှိတတ်ကြသေး၏။ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲခြင်း၊ တစ်ခုမဟုတ်တစ်ခုစွဲခြင်း၊ စသဖြင့်သည်လည်း ခရစ်ယာန်များမှာရှိတတ်ကြသည်။
ဒီဆရာဘာပြောပြော အကုန်မှန်တယ်၊ အကုန်သမ္မာတရားနဲ့ညီတယ် စသဖြင့်လည်းယူဆတတ်၍ "အာမင်" ကိုအသံဝင်အောင်ပင် အော်ဟစ်တတ်ကြသည်မှာလည်း ထိုခရစ်ယာန်တွေပဲ မဟုတ်ပါလား။ ထိုကဲ့သို့ လူပုဂ္ဂိုလ်ကို စွဲလန်းသည်မှာ ဘုရားနေရာသို့ မသိမသာ ထားမိခြင်းကဲ့သို့ ရုပ်တုကိုးကွယ်ခြင်းပင် ဖြစ်နေတတ်သည်။ အချို့ဆိုရင်လည်း ထိုသူ၏ သမ္မာတရားနှင့် မညီသော ဩဝါဒတွေကို ငြင်းပယ်ရမည့်အစား သမ္မာတရားဘက်၌မတည်ဘဲ ဆရာသမား၌သာ တည်ကြပြန်သေးသည်ကို တွေ့တွေ့နေရသည်မှာလည်း လက်တွေ့ သာဓကပင်။ ဩဝါဒအလွဲကို ထောက်ပြကာ ဖော်ပြနေသော သူများကိုပင်လျှင် အထင်အမြင်လွဲမှားနေကြပြန်သေးသည်မဟုတ်ပါလား။
မိမိကြိုက်နှစ်သက်သော ဆရာသမား၊ လူပုဂ္ဂိုလ်ကိုသာ မြင်၍ ထိုသူကိုသာ ဘုရားသုံးမယ်ဟု ထင်နေခြင်းသည်လည်း လုံးဝမှားသော အတွေးအမြင်တစ်ခုပင်ဖြစ်သည်။ ဘုရားသခင်သည် အိုးထိန်းဖြစ်ပါတယ်၊ ကျွန်ုပ်တို့က အိုးမြေသာဖြစ်သည် မဟုတ်ပါလား။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က အိုးထိန်းနေရာကို မသိမသာ ရောက်နေတတ်တယ်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင် ခွဲခန့်မှတ်သားသော အရာများကို အလိုမကျတတ်၍ အတင်းကို ဘုရားသခင်နားငြီးအောင် ဂျီကျတတ်သော ကလေးငယ်အလား ခဏခဏစွတ်တောင်းတတ်ကြသည်။ နာမတော်ကို အလွဲသုံး၍လဲ သိမ်းပိုက်တတ်ကြသေး၏။ မိမိကပဲ ဘုရားသခင်ထက် ပိုသိသယောင် ပိုတတ်သယောင်နှင့် မိမိနှစ်သက်ရာ လူပုဂ္ဂိုလ်ကိုသာ အုပ်စိုးစေရန်၊ ကြိုက်တဲ့ အရာရရန်၊ စသဖြင့် အလိုတော်ကို မဝန်ခံနိုင်ခြင်းမျိုးမှာလည်း အကျည်းတန်ရုပ်ဆိုးလှပေသည်။
ကျွန်ုပ်တို့ သိထားရမည်မှာ ကျီးအ ကိုတောင် အသုံးပြုသောဘုရားသခင်ဖြစ်ပါတယ်၊ ထိုဘုရားသခင်အလိုတော်ရှိရင် ကျောက်တုံးတွေကတောင်မှ အာဗြဟံတွေကို ဖန်ဆင်းနိုင်သည်ကို လုံးဝမမေ့သင့်ပေ။ ခရစ်ယာန်တွေ၏ လူပုဂ္ဂိုလ်ကိုသာ မြင်ခြင်းသည် တစ်ခါတစ်ခါတွင် ပုဂ္ဂိုလ်ရေးရာ အစွန်းရောက်သော အယူလွဲခြင်းတစ်မျိုးဖြစ်တဲ့ (Personality Cult) ဘက်သို့ ဦးတည်လာတတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ဒီလိုလူမျိုးတွေကလည်း လူတွေ သိပ်အထင်ကြီးခံရတတ်တယ်၊ လေးစားခံရတယ်၊ လူကြိုက်များတယ်၊ စကားအောင်တယ် စသဖြင့်တွေထဲကလည်း ဖြစ်တတ်ကြတယ်။ ဘာသာရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အကျိုးဆောင်တွေ စသဖြင့် လူတွေ၏ စိတ်နှင့်အမြင်ကိုသိမ်းယူနိုင်ကြသော သမ္မတ၊ အမတ်၊ တရားဟောဆရာ၊ စသဖြင့်ဖြစ်တတ်ကြတယ်။
နာဇီအဖွဲ့ခေါင်းဆောင် ဟစ်တလာကိုကြည့်မယ်ဆိုရင် ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ခဲ့တာပဲ၊ ဒါဟာ မကောင်းဘူးဆိုတာ လူတွေကသိပေမယ့် နောက်လိုက်ပေါင်းများစွာရှိခဲ့တယ်။ ဟစ်တလာငယ်စဥ်ကလည်း ဂျူးတွေကို ရန်ညှိုးသဖွယ်ရှိခဲ့တယ်။ သူအခွင့်ရတဲ့အခါမှာတော့ ဒီအငုံ့စိတ်ကထွက်ပေါ်လာတယ်။ ဒါတွေဟာဘာလို့ဖြစ်လာသလဲဆိုရင်ဖြင့် မကောင်းဘူးဆိုတာ သိပေမယ့် ရုန်းမထွက်နိုင်အောင် လူ့စိတ်ကို ဖမ်းစားထားတယ်၊ နောက်ကွယ်မှာ မှောင်မိုက်တန်ခိုးတွေရှိနေတတ်တယ် ဒါ့ကြောင့်လည်း ပြန်လှည့်မထွက်နိုင်ကြဘူး၊ လူရဲ့ အငုံ့စိတ်ကို အားဖြည့်ပေးတယ်၊ ကိုယ်နဲ့မတူသော လူတွေကို မေတ္တာမထားနိုင်တော့ဘူး စသဖြင့်မြင်ရတယ်။ ဒီလို နာဇီလို၊ နပိုလီယမ်လို၊ Jim Jones လို၊ သမ္မတတွေ၊ နိုင်ငံရေးသမားတွေ၊ တရားဟောဆရာတွေ သည် စိတ်ပိုင်းဆိုင်ရာဖမ်းစားနိုင်တယ်၊ အပြောအဟောသိပ်ကောင်းကြတယ်၊ လူတွေဘာကြိုက်တတ်လဲသိတယ်၊ ဘယ်လိုလုပ်ပြရင် ဘယ်လိုပါလာမယ်ကို ကျွမ်းကျင်လိမ္မာစွာ သိပြီး အသုံးချတတ်ကြတယ်။ လူမှုရေးကြိုက်ရင် လူမှုရေး၊ လူမျိုးရေးကြိုက်ရင် လူမျိုးရေး၊ ဘာသာရေးကြိုက်ရင် ဘာသာရေး၊ စသဖြင့် မသိစိတ်ကို ညှို့ယူဖမ်းစားနိုင်သော စိတ်ပိုင်းဆိုင်ရာ ဖမ်းစားနိုင်ခြင်းနှင့် မှောင်မိုက်တန်ခိုးလည်းရှိနေတတ်ကြသည်။ ဒါ့ကြောင့်လည်း အဆိပ်တိုက်ရင် သောက်ကြသလို၊ လူသတ်ခိုင်းရင် သတ်ကြတယ်၊ လူမျိုးရေးဦးတည်ရင် လုပ်ကြသလို၊ ဘာသာရေးဦးတည်လည်း လုပ်ကြပြန်တယ်။ တကယ့်အဖြစ်အပျက်လေးတစ်ခုကို ဥပမာအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
Jim Jones ကိုကြည့်လျှင် အင်မတန် အဟောအပြောကောင်းသောကြောင့် နောက်လိုက်များသော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူ့ဘဝအကြောင်းကို အကျဥ်းလေးပြောရင်ဖြင့် ၁၉၅၂ ခုနှစ်တွင် ကျောင်းသား သင်းအုပ်အဖြစ် (Somerset Methodist Church) တွင် အမှုဆောင်လုပ်ငန်းစတင်ခဲ့သည်။ Jim တို့ဇနီးမောင်နှံသည် ၁၉၅၂ ခုနှစ်တွင် ပထမဆုံးကလေးတစ်ဦးကို စတင်မွေးစားခဲ့သည်။ ဒီလိုနှင့် လူမျိုးရေး ပေါင်းစည်းခြင်းကို ပြင်းထန်စွာ အသားပေးလာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အာဖရိကန် အမေရိကန်အစပ် ကောင်လေးတစ်ယောက် မွေးစားခဲ့သည်။ ကိုရီးယား၊ အမေရိကန် စသဖြင့်မွေးစားလာခဲ့ပြီးနောက် Jim သည် သူ့မိသားစုကို "Rainbow Family" ဟုမကြာခဏရည်ညွှန်းကာ တင်စား၍ မတူညီသော ဓလေ့ယဥ်ကျေးမှုများ၊ အသားအရောင်များ၊ လူမျိုးများ ကိုပေါင်းစည်းခဲ့လေသည်။
၁၉၆၁ ခုနှစ်မှာတော့ Indianapolis ရှိ လူ့အခွင့်အရေးကော်မရှင်၏ ပထမဆုံးဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ပါတယ်။ ထိုအချိန်တွင် အစာအိမ်နာလည်းဖြစ်ပြီး တစ်ပတ်အကြာတွင် ဆေးရုံတက်လိုက်ရသည်။ သူ၏ဆရာဝန်သည် အသားအရောင်ကွဲပြားသောကြောင့် လူမည်းနေရာတွင် နေရာချထားလိုက်သည်။ ဆေးရုံအတွက်တော့ ထိုအချက်သည် လူသိရှင်ကြား အမှားတစ်ခုဖြစ်သွားခဲ့သည်။ Jim နှင့်မိသားစုသည် ၁၉၆၂ ခုနှစ်တွင် နျူကလီးယားကိုကြောက်သောကြောင့် ဘရာဇီး (Brazil) သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ၁၉၇၅ ခုနှစ်တွင် American Life မဂ္ဂဇင်းတွင် သူ့ကို ထိပ်တန်းဓမ္မဆရာ ၁၀၀ တွင် အမြင့်ဆုံးအဖြစ် ဖော်ပြခဲ့သည်။ ၁၉၇၆ ခုနှစ်တွင်တော့ Los Angeles Herald သတင်းစာမှ ပေးအပ်သော လူသားချင်းစာနာမှုဆုကို (Humanitarian Of The Year Award) ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် San Francisco အိမ်ရာအာဏာပိုင်၏ Chairman အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
၁၉၇၇ ခုနှစ်မှာတော့ ဗိမာန်တော်နှင့်သူ့လူများသည် တောင်အမေရိကနိုင်ငံ ဂိုင်ယာနာ (Guyana) ရှိ "Jonestown" ဟုခေါ်သော မြို့တစ်မြို့ရှိ အဆောက်အအုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြေနေရာသည် ဧကလေးထောင် နီးပါးရှိသော်လည်း မြေဆီလွှာနှင့် ရေချိုအရင်းအမြစ် ချို့တဲ့သည်။ သူသည် Utopia အကြောင်းကို ဟောပြောခဲ့ပြီး သူ့လူများသည် အမှန်တကယ်စိုက်ပျိုးနိုင်သည်ဟု ထင်ကြသည်။ သူသည် မီလျံနာတစ်ယောက်ဖြစ်သော်လည်း မျှဝေခဲ့ခြင်း မရှိခဲ့ပေ။ သူသည် ဇိမ်ခံပစ္စည်းအနည်းငယ်ရှိသော အိမ်ငယ်လေးတွင် အမှန်တကယ် နေထိုင်ခဲ့သည်။
၁၉၇၈ နှစ်အစပိုင်းလောက်တွင် သူ့အသင်းတော်နှင့် အသင်းသားများ အန္တရာယ်ရှိနေသည်ကို စိုးရိမ်နေသည်။ တရားဟောရာတွင်လည်း အန္တရာယ်နှင့်ခြိမ်းခြောက်ခြင်းများကို ဟောပြောသည်။ နိုဝင်ဘာလတွင် ကွန်ဂရက်အမတ် ရိုင်ယန် (Congressman Ryan) နှင့် မီဒီယာကိုယ်စားလှယ်များ (Media respresentatives) သည် ဂိုင်ယာနာသို့ လေယာဥ်နှင့်သွားကြသည်။ လေးရက်အကြာတွင် သူတို့သည် တိုင်းပြည်မှထွက်ခွာရန် ပြင်ဆင်ကြပြီး Ryan နှင့် အခြားလူလေးဦး သေဆုံးခဲ့သည်။
၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့ကတော့ Jim Jones ၏ အစုလိုက်အပုံလိုက် သတ်ဖြတ်မှုကို စီစဥ်ခဲ့တဲ့ "A White Night" လို့ခေါ်တွင်ခဲ့ပါတယ်။ အသီးကော့တေး ဖျော်စပ်ရန် သူ့လူတွေကို သူမှာထားခဲ့ပါတယ်။ ဒီဖျော်ရည်ထဲမှာ သေစေနိုင်သော အဆိပ်များလည်းပါဝင်ပါတယ်။ (Cyanide, diazepan, promethazine, chloral hydrate)များနှင့် စပျစ်သီးအရသာအဖျော်ရည်များကို ရောစပ်ထားခဲ့သည်။ သူသည် အဖွဲ့ဝင်များအား နိုင်ငံရေးအချက်ဖြစ်လာစေရန် သတ်သေကြရန်တွန်းအားပေးသည်။ ထိုသို့ သတ်မသေကြခင်တွင် တိတ်ခွေတစ်ခုကို ဖွင့်ထားသည်။
ထိုအထဲတွင် "... ဒီနေရာမှာ မိနစ်အနည်းငယ်အကြာမှာ ဖြစ်ပျက်မယ့်အရာက လေယာဥ်ပေါ်ကလူတစ်ယောက်က လေယာဥ်မှူးကိုပစ်မယ်၊ ငါသိတယ် ဒါပေမယ့် ငါမစီစဥ်ထားခဲ့ဘူး ဒါပေမယ့် ဖြစ်တော့မှာကိုတော့ သိတယ်။ ပြီးတော့ အားလုံးပြီးသွားတဲ့အခါမှာ ငါတို့ကလေးတွေတစ်ယောက်မှ ကျန်ခဲ့မှာ မဟုတ်ဘူး" "... ကလေးတွေကိုကြင်နာပါ၊ စီနီယာတွေကိုကြင်နာပါ၊ ပြီးတော့ ရှေးဂရိနိုင်ငံကယူခဲ့ဖူးသလိုပဲ ဆေးကိုယူပါ ပြီးတော့ တိတ်ဆိတ်စွာချဥ်းကပ်ပါ ငါတို့က ကိုယ့်ကိုကိုယ်သတ်သေတာမဟုတ်ဘူး -- ဒါကတော်လှန်ရေး လုပ်ဆောင်နေတာ ... ကွန်ဂရတ်အမတ်ကို ဘယ်သူသတ်သလဲ ငါမသိဘူး။ ငါစိုးရိမ်တာက ငါသတ်ခဲ့တာပဲ ..." "... သင့်ဘဝကို ဂုဏ်သိက္ခါရှိရှိ စွန့်လွှတ်ထားလိုက်ပါ၊ ဝမ်းနည်းခြင်းတွေ မျက်ရည်တွေနဲ့တော့ မစွတ်လွှတ်နဲ့ ... မင်းဘယ်လောက် အော်သံတွေကြားကြား ငါကရုမစိုက်ဘူး၊ အကြိမ်တစ်သန်းသေခြင်းက ဒီဘဝမှာ ရက်ပေါင်းများစွာ အသက်ရှင်ရတာထက် သာ၍ကောင်းတယ် ... နာကျဥ်ခြင်း မရှိတော့ဘူး၊ နာကျဥ်ခြင်း မရိတော့ဘူး ... သေခြင်းဆိုတာ အိပ်ပျော်ခြင်းဖြစ်တယ် ယုံကြည်ခြင်းရှိပါ၊ မင်းတို့တွေ ဒါကို ဖြတ်ကျော်ရမယ်၊ ဒီကမ္ဘာကြီးက ငါတို့တွေရဲ့ အိမ်မဟုတ်ဘူး။"
ဒီအဖြစ်အပျက်ဟာ လူပေါင်း ၉၁၃ယောက် သေဆုံးခဲ့ရတယ်။ ၂၇၆ယောက်ကတော့ ကလေးတွေပဲဖြစ်ပါတယ်။ အသင်းသားအချို့ကတော့ ထိုအဆိပ်ကို လိုလိုလားလားသောက်ကြပြီး အချို့ကိုတော့ သူနာပြုများက ပါးစပ်ထဲသို့ ထိုးသွင်းကြသည်။ သူနာပြုတွေသည် ကလေးများကို မိခင်များထံမှယူ၍ ထိုကော့တေးများကို ထိုးသွင်းကြသည်။ ပရမ်းပတာတွေဖြစ်ခဲ့ကြပြီးနောက် Jim ကတော့ သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သည်။ သူသည် ထိုကော့တေးကို မသောက်ခဲ့ပေ။ (မိမိကိုယ်ကိုယ်ပစ်သတ်သလား၊ သူနာပြုက အဆိပ်မသောက်ချင်၍ ပစ်လိုက်လေသလားတော့ မည်သူမှ မသိနိုင်ကြချေ)
အသက်ရှင်ကျန်ခဲ့သူကတော့ ဒီလိုဆိုခဲ့လေရဲ့ "ငါတို့က မှန်ကန်သော အရာများကို လုပ်ဆောင်နေကြသော်လည်း မှားယွင်းတဲ့ခေါင်းဆောင်နဲ့ မှားယွင်းသော နေရာမှာ ရှိနေခဲ့ကြတာ"
အမတ်သည် ဘာ့ကြောင့် Jim ကိုသွားတွေ့သလဲ၊ ဘာ့ကြောင့် သေသွားရသလဲ စသဖြင့် စုံစမ်းခဲ့ကြသည်။ Jim သည် ဘာသာရေး၏ နူးညံ့သိမ်မွေ့မှုကို အခွင့်ကောင်းယူ၍ လူများကို အသုံးချခဲ့သည်ကို တွေ့ရှိရသည်။ လူများအား ဘာသာရေးနှင့် သိမ်းသွင်းခဲ့ပြီး သူထားရာမှာသာနေစေခဲ့သည်။ နြူးကလီးယားရန်ကို အကြောင်းပြ၍ လူများအား ခေါ်ဆောင်ခဲ့ပြီး ထိုနေရာတွင်သာ နေစေခဲ့သည်။ ထိုလူများသည် စိုက်ပျိုးရပြီး သူစေလိုရာစေပြီး ခိုင်းစားသည်။ သူ့နောက်လိုက်ကြသူများသည် နေအိမ်များ ပိုင်ဆိုင်မှုများရောင်းချကာ Jim နောက်လိုက်လာကြသူများဟုဆိုကြသည်။ ဒီလူတွေကိုလည်း ဖမ်းဆီးထားပြီး ထိုသူများ၏ ပိုင်ဆိုင်မှုများကို Jim သိမ်းလိုက်သည်ဟုပင် ဆိုကြသည်။ ဖြစ်နိုင်ပါသည် ဒါ့ကြောင့်လည်း အရမ်းချမ်းသာသွားသည်မဟုတ်ပါလား။ ထိုလူများမှ အချို့သည် ထွက်ပြေးလွတ်မြောက်ခဲ့သောကြောင့် ထိုသတင်းကိုကြား၍ လွှတ်တော်မတ်သည် စုံစမ်းဖို့ရာ Jim ဆီသို့ သွားခဲ့သည်ဟုဆိုကြသည်။ တစ်ခုခုသိသွားမည်စိုးသောကြောင့် Jim ကနှုတ်ပိတ်ခဲ့သည် ဒါ့ကြောင့် နောက်ဆက်တွဲပြဿနာကို ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် "A White Night" ကို စီစဥ်ပြီး လူတွေကိုပါ အပါခေါ်သွားခြင်းဟုဆိုကြလေသည်။
Personaliry Cult သည် ကြောက်စရာကောင်းလှသည်။ ဘာသာရေး၏ နူးညံ့သိမ်မွေ့ခြင်းကို အသုံးချ၍ ကိုယ်ကျိုးရှာသူများသည် အင်မတန် ဟန်ဆောင်ကောင်းကြသည်။ အပြောကောင်း အဟောကောင်းပြီး နောက်ကွယ်တွင်လည်း မှောင်မိုက်တန်ခိုးများရှိနေတတ်ကြသည်။ ဟုတ်ပါတယ် ... တစ်ခါတစ်လေမှာ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဟုတ်သလိုလိုရှိသော အရာတစ်ခု၊ သမ္မာတရားလိုလိုဘာလိုလိုကို မှန်သယောင်နှင့် ကျမ်းစာအုပ်လေးဗန်းပြလိုက်ရုံဖြင့် လူတွေက လိုက်ပါနေတတ်ကြတယ်၊ ထိုသူကိုသာ မြင်နေတတ်ကြသော်လည်း မှားယွင်းသောသူနှင့်အတူတူ မှားယွင်းစရာတွေကိုလုပ်ဆောင်သော နေရာမှာရှိနေတတ်ကြသည်မဟုတ်ပါလား။ ဒါ့ကြောင့် တစ်ခါတစ်လေမှာ လူကိုကြည့်ရင်တော့ သမ္မာတရားလိုလို ဘာလိုလိုတော့ လုပ်နေတာပဲ ဒါပေမယ့် သမ္မာတရားနဲ့ လွဲသွားတယ်၊ ဒါပေမယ့် လူတွေကို ထိခိုက်စေတယ်၊ ဒါပေမယ့် လူတွေကို ချစ်ခြင်းမေတ္တာမပေးနိုင်ဘူး၊ ဒါပေမယ့် လူမျိုးရေးသာဦးစားပေးသွားတယ်၊ ဒါပေမယ့် အသက်တာက ခရစ်ယာန်တစ်ယောက်လို့မမြင်ရဘူး၊ ဒါပေမယ့်တွေများနေရင်လည်း သတိထားကြရမှာဖြစ်ပါတယ်။ မျက်စိမှတ်ပြီး ထိုလူပုဂ္ဂိုလ်ကိုသာ စွတ်ပြီးမတောင့်တပါနှင့် Personality Cult ဖြစ်တတ်သည်ကိုလည်း သတိထားကြရပေမည်။
ဒါ့ကြောင့်လည်း ယုံကြည်သူခရစ်ယာန်များကို သတိထားကြဖို့ရာ နှုတ်ကပတ်တော်မှာ သေသေခြာခြာသတိပေးထားသည်။ ဝိညာဥ်တော်ဟုဆိုတိုင်း မယုံကြဖို့၊ ဝိညာဥ်တော်ကပြောတယ်၊ ဘုရားသခင်ငါ့ကို စကားပြောတယ် စသဖြင့် ပေါက်ပန်းလေးဆယ်သမားများလည်းရှိတတ်သည်ကို သတိပြုရမည်။ သမ္မာတရားကိုလက်တစ်လုံးခြားလုပ်ခြင်း၊ ကျမ်းစာအုပ်ကိုင်၍ ကိုယ်ကျိုးရှာခြင်း၊ စီးပွားရေး နိုင်ငံရေး ဘာသာရေး လူမျိုးရေး အစရှိသဖြင့် များစွာရှိကြသည်ကိုလည်း ခရစ်ယာန်များ သိထားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာပရောဖက်များ၊ မိစ္ဆာဆရာသမားများ၊ ကိုယ်ကျိုးအသုံးချသော အမည်ခံဟန်ပြများသည် များစွာ ဤလောက၌ ရှိနေကြပြီဖြစ်သည်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁
ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
ဒါ့ကြောင့် လူပုဂ္ဂိုလ်ကို စွဲလန်းခြင်းမရှိစေဖို့နှင့် ဘုရားသခင်ခွဲခန့်မှတ်သားသော သူကို ဝန်ခံတတ်ရန်၊ မိမိနှစ်သက်သူသည် သမ္မာတရားကို မှောက်လှန်သူဖြစ်ရင် သမ္မာတရားဘက်၌ ရပ်ရန်လိုအပ်ပါသည်။ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ စသဖြင့် အစွဲများသည် Personality Cult ထိဖြစ်တတ်သောကြောင့် ထိုအစွဲများကို ချွတ်ပယ်ကာ သမ္မာတရားကို ပိုင်းခြားနားလည်တတ်သော ယုံကြည်သူများဖြစ်ကြစေရန် ဘုရားရှင် သင့်ကို အလင်းပေးဖွင့်ပြပါစေ။
Jim Jones အကြောင်းကို ဖတ်ချင်ရင်တော့ ဖော်ပြပါ Link နှစ်ခုတွင် သွားရောက်ဖတ်ကြည့်နိုင်ပါသည်။
https://www.documentarytube.com/articles/jim-jones--the-humanitarian-who-killed-900-people-and-poisoned-300-children?fbclid=IwAR2vd-HmiWGXurY5LJCO_8aYQbq8va99_oc5Fz0_oPZXq7d_7MkCtwXBJZM
https://www.rollingstone.com/feature/jonestown-13-things-you-should-know-about-cult-massacre-121974/?fbclid=IwAR0NXx0Ug4QzXjpH1KWKubIgML2M2MptsxO_cHo7YVI_AgfhdCPLuh3KUqs
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet