အပြစ်ပြုရာ၌ ပျော်မွေ့သူများ
သူတပါးအား နာကျင်စေခြင်းသည် သာမန်လူတစ်ဦး၏ စိတ်ခံစားချက်အားဖြင့် မလုပ်တတ်ကြပေ။ တနည်းအားဖြင့်ဆိုရလျှင် ကိုယ်ချင်းစာခြင်း၊ မေတ္တာထားခြင်း၊ ကရုဏာသက်ခြင်း သို့မဟုတ် သူတပါးနာကျင်စေမည်ကို စိုးသကဲ့သို့ သူတပါးထိခိုက်စေခြင်းအား ရှောင်သောသူသည် လူတစ်ဦး၏ လူပီသသော အခြေခံစိတ်ဓါတ်ဟုဆိုနိုင်ပေမည်ဟု ကျွန်ုပ်ထင်မိပါသည်။
သို့သော် လူမိုက်တို့မည်သည် သူတပါးအား နှိပ်စက်ခြင်း၊ အသတ်သတ်ခြင်း၊ အကြောင်းမဲ့ ရိုက်ပုတ်ခြင်း၊ ရက်စက်ယုတ်မာခြင်းများကို မျက်တောင်တစ်ချက်မခတ်ပဲ လုပ်ဆောင်နိုင်လေ့ရှိကြသည်။ ဤနေရာတွင် လူမိုက်ဟုဆိုရာတွင် အရက်သောက်၊ ဆဲဆိုလေ့ရှိသူများကိုမဆိုလိုပဲ မကောင်းမှန်းသိရက် မလုပ်သင့်မှန်းသိရက်နှင့် လုပ်ဆောင်သူ သို့မဟုတ် ဘုရားသခင်မကြိုက်သည့် အမှုအရာများ၌ ပျော်မွေ့သူများကိုဆိုလိုခြင်းဖြစ်ပေသည်။
ထိုသို့သောသူများသည် အပြစ်ပြုရာ၌ ပျော်ရွှင်စွာပင် လွန်ကျူးတတ်ကြသည်။ လူကိုလူလိုမမြင်တတ်၊ ဒုစရိုက်ပြုရသည်ကို ဝမ်းမြောက်လေ့ရှိသည်။ မိမိ၏ မကောင်းမှု၌ ဂုဏ်ယူတတ်သူ၊ မိမိ၏ အဓမ္မမှု၌ ဝါကြွားတတ်သူ၊ အပြစ်ကို အပြစ်ဟုပင်မမြင်တတ်သူများလည်းဖြစ်ကြပေသည်။ ဘာသာတရား၏ အဆုံးအမ၊ ဘုရားဟောများအား သိကြသူများဖြစ်ကြသော်လည်း နှလုံးမသွင်းပဲ အဓမ္မအရာ၌ အားရပါးရ လွန်ကျူးပျော်ပါးကာ ဒုစရိုက်ကိုပြုလျှက် အပြစ်ပြုခြင်းကိုသာ ဝမ်းမြောက်လေ့ရှိသူများသည် ထိုသို့သော လူမိုက်များပင်ဖြစ်ကြပေသည်မဟုတ်ပါလား။
ထိုသူတို့သည် ဘုရားတရားကို ဖက်ရှင်တစ်ခုအနေဖြင့် သို့မဟုတ် လူ့အဖွဲ့အစည်း၌နေကြသူများဖြစ်သဖြင့် ဘုရားတရားကို ပေါ်ပင်တစ်ခုအနေဖြင့် လုပ်ဆောင်ကြသည်။ တနည်းဆိုရသော် ဘုရားကျောင်းသွားမည်၊ တရားဟောချက်နားထောင်၊ ကျမ်းစာဖတ်မည်။ သို့မဟုတ် ဘုန်းကြီးကျောင်းသွားမည်၊ ဘုရားသွားမည် စသဖြင့် အမျိုးမျိုးသော ဘာသာရေးနှင့် အပြုအမူများကို ပေါ်ပင် သို့မဟုတ် ဖက်ရှင်တစ်ခုအနေဖြင့် လုပ်ဆောင်လေ့ရှိကြသော်လည်း အသက်ရှင်ပုံရှင်နည်းနှင့် နေထိုင်မှုဘဝထဲတွင် ဘုရားမပါ၊ ဘုရားအဆုံးအမ မပါပေ။ ကျင့်ကြံပြုမူခြင်းသည် လူမိုက်ကဲ့သို့ အပြစ်ပြုရာ၌သာ ပျော်ရွှင်ဝမ်းမြောက်လျှက် လုပ်ဆောင်တတ်ကြသည်ဟုနားလည်ရသည်။
သုတ္တံကျမ်း ၁၀:၂၃
မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
ထိုသို့သော လူမိုက်များသည် ကျွန်ုပ်တို့နေထိုင်ကြသည့် လူအဖွဲ့အစည်းများတွင်ရှိကြသည်။ ထိုသူများသည် သူတို့၏ အပြစ်ကို အပြစ်ဟုမထင်၊ သူတို့၏ အဓမ္မအရာ၌ ဝမ်းမြောက်ခြင်း၊ သူတို့၏ မတရားသောအမှုကို တရားသည်ဟုသာထင်မှတ်၍ ဂုဏ်ယူတတ်ကြသည်။ သူတို့၏ အတွေးထဲတွင် သူတို့သည်သာ အမှန်ဟုထင်ကြသကဲ့သို့ မိမိသာလျှင် ဘုရားကဲ့သို့ဖြစ်သည်ဟု တွေးထင်ကြသယောင်ဖြစ်ပေမည်။ ထို့ကြောင့်လည်း သူတို့၏ လူသတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လုယူခြင်း၊ သနားညှာတာခြင်းမရှိ နှိပ်စက်ခြင်း၊ အပြစ်လွန်ကျူးခြင်းများ၌ နောင်တရခြင်းမရှိပဲ အပြစ်ပြုရာ၌သာ ပျော်မွေ့ကာ ဝမ်းမြောက်ကျေနပ်ဂုဏ်ယူစွာဖြင့်သာ ဆက်လက်လွန်ကျူးသွားကြသူများပင်ဖြစ်ကြပေတော့သည်။
လူတစ်ဦး၏ အခြေခံစိတ်ဓါတ်သည် သနားခြင်း၊ ကရုဏာရှိခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရား စသဖြင့်ရှိကြသည်။ ဘုရားတရားကို ပေါ်ပင် သို့မဟုတ် ဖက်ရှင်တစ်ခုအနေဖြင့်သာ လုပ်ဆောင်သူမဟုတ်ပဲ ဘုရားကိုတကယ်ယုံကြည်သူဖြစ်လျှင် အသက်ရှင်ခြင်း လက္ခဏာ နေထိုင်မှုဘဝထဲတွင်လည်း ဘုရားအတူပါသည်။ ထိုလူမိုက်ပြုသကဲ့သို့သော အမှုအရာများကို လုံးဝမလုပ်ဆောင်ချေ။ "ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏" ဟုဆိုသည်အတိုင်း မိမိပြုကြသော အမှုအရာသည် ဘုရားသခင်နှစ်သက်၏လောဆိုသည်ကို အမြဲဆင်ခြင်နေမည်ဖြစ်သည်။ သူတပါးအတွက် နာကျင်စေသလား၊ သူတပါးအား ကိုယ်ချင်းစာခြင်း၊ မေတ္တာထားခြင်း၊ ကရုဏာသက်ခြင်း၊ ဖေးကူခြင်း၊ လူပီသခြင်းများကို အမြဲဆင်ခြင်လျှက် အသက်ရှင်ကြကာ လုပ်ဆောင်လျှက်နေကြမည်မှာ မြေကြီးလက်ခက်မလွဲဖြစ်ပေလိမ့်မည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet