သခင်အကုန်သိတယ်

တစ်နေ့မှာ ကျွန်တော်နဲ့ဆရာမိုးနဲ့ စကားစမြည်ပြောဆိုကြပါတယ်။ ဒီလိုနဲ့ တချို့ကိစ္စတွေကိုပြောဆိုရင်းနဲ့ ဆရာကပြောပါတယ် ... ငါတို့လူတွေက ဘုရားသခင်ကို အထွန့်တက်ချင်ကြတယ်။ တစ်ခုခုဆို ဒါမလိုချင်ဘူး၊ ဒီလိုမလုပ်ချင်၊ ဟိုမသွားချင်၊ ဒါကိုမြန်မြန်ပေး စသဖြင့် အရမ်းအထွန့်တက်ကြတယ်။
ရှင်မဿဲခရစ်ဝင် ၆:၃၁-၃၄
ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။
ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။
ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
တကယ်တော့ ကျွန်တော်တို့တွေဟာ စက်ဘီးတစ်စီး၊ ကားတစ်စီးလိုပါပဲ။ မောင်းတဲ့သူရဲ့သဘောအတိုင်း ရေထဲမောင်းမောင်း၊ ရွှံ့ဗွက်ထဲဖြတ်ဖြတ်၊ လမ်းကောင်းကိုမောင်းနေပါစေ ပြောပိုင်ခွင့်မရှိဘူး။ ကားတို့ စက်ဘီးတို့က ဘယ်သွားချင်ပါတယ်လို့ မပြောဘူး၊ မောင်းသူရဲ့အလိုအတိုင်း သွားပေးရတယ်။ ဒီလိုပဲ ကားက အင်ဂျင်ဝိုင်လိုလား၊ ဂီယာဝိုင်လျော့နေလား၊ လေပေါင်မပြည့်ဘူးလား စသဖြင့်ကို စိတ်ပူစရာမလိုဘူး ဘာဖြစ်လို့လဲဆိုရင် ကားမောင်းတဲ့သူက သူ့အချိန်သူသိတယ်၊ သူပြင်ရမယ့်အချိန်၊ လေထိုးရမယ့်အချိန်၊ ဆီဖြည့်ရမလား အင်ဂျင်ဝိုင်တွေလဲရမယ့် ကီလိုရောက်နေပြီလား သူ့အချိန်သူသိတယ်ဖြစ်တယ်။
ကျွန်တော်တို့က အလုပ်မရှိသေးတာတွေ၊ လစာမရတာတွေ၊ စီးပွားရေးအရှုံးတွေရင်ဆိုင်နေရရင်း၊ မနက်ဖြန်အတွက်၊ နောက်လတွေ နှစ်တွေ၊ အနာဂတ်တွေ တွေးပူပြီး မုဆိုးမရဲ့နောက်ဆုံးလက်ကျန်အစာလို လက်လျှော့စိတ်ပျက် အရှုံးပေးချင်သလိုတောင်ဖြစ်နေမိပြီလား။ မိတ်ဆွေ သင်နဲ့ကျွန်ုပ်ရဲ့ လိုအပ်ချက်တွေကို သခင်အကုန်သိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေကို အားပေးချင်ပါတယ် အချိန်တန်မှအသီးကိုသီးတယ်လို့ ဆိုသကဲ့သို့ သင့်အတွက် ကျွန်ုပ်အတွက် အချိန်ကို ဘုရားသခင်ရဲ့ တိကျတဲ့အဖြေဟာ ကွက်တိရောက်လာမှာဖြစ်တယ်။ ကြက်သွန်မြိတ်စိုက်ရင် ၁ပတ်လောက်နဲ့ရတယ်၊ သရက်ပင်ဆိုရင် ၃နှစ်ကနေ ၄နှစ်စောင့်ရတယ်၊ ဒီလိုပဲ ကျွန်းပင်ဆိုရင်တော့ နှစ်ရှည်ပင်ပေါ့။ သူ့အချိန်နဲ့သူရှိသလို တန်ဖိုးချင်းလဲကွာပြန်တယ်။ ဒါ့ကြောင့် ဆိုင်းသော်လည်း မျှော်လင့်ပါ နောက်မကျဘဲ ဧကန်အမှန်လာပါလိမ့်မယ်၊ သင့်အတွက် ကျွန်တော့်အတွက် လိုအပ်သမျှသည် သခင်အကုန်သိပါတယ်လို့ အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet