ဘုရားသခင်ရွေးကောက်သောသူ

ကျွန်တော်တို့လူသားတွေရဲ့အမြင်က အပေါ်ယံလွှာတွေကိုသာကြည့်တတ်ကြတယ်၊ လူတစ်ယောက်ကိုကြည့်ရင်တောင် သူကဘယ်က၊ ရုပ်ရည်ကဘယ်လို၊ ဘာအလုပ်လုပ်တာ၊ ဘယ်လိုလူ၊ ဘယ်လောက်ချမ်းသာတယ်၊ ဘယ်ကဘွဲ့ရတာ၊ ဘာတွေပိုင်တာ စသဖြင့်မြင်တတ်ကြတယ်။ ဘုရားကျောင်းမှာဆိုရင်လဲ ငါကဘယ်လို၊ ဘာလုပ်တတ်တာ၊ ဘာတီးတတ်တယ်၊ ဘယ်လိုဆိုတတ်တယ်၊ ငါကဘယ်လိုလူမျိုး၊ စသဖြင့်တတ်မှသာ ဘုရားသုံးမယ်လို့ထင်တတ်ကြပြန်ရော။
လူခွဲခန့်ထားတဲ့နေရာကတော့ တတ်မှရပါတယ်။ မှန်ပါတယ်။ လူကခန့်တဲ့ ဘုရားအလုပ်ကတော့ လူကြည့်သလိုကြည့်ပြီးခွဲခန့်လို့ရပေမယ့်၊ ဘုရားခွဲခန့်မှတ်သားခြင်းကတော့ အပေါ်ယံကိုကြည့်တာမဟုတ်ပါဘူးဆိုတာကို နားလည်ရပါတယ်။ ဘာလုပ်တတ်မှ၊ ဘယ်ကဘာရမှ၊ စသောအရာတွေထက် ဘုရားက သင်နှင့်ကျွန်ုပ်ရဲ့ နှလုံးသားကိုကြည့်တာဖြစ်ပါတယ်။ မောရှေကို ရွေးကောက်တဲ့အခါမှာ သူအိုပါပြီ၊ သူ့ကိုယ်သူလဲသိတယ် သူမတတ်စွမ်းနိုငိဘူး၊ နှုတ်လေးတယ် စကားကလဲကောင်းကောင်းမပြောတတ်ဘူး စသဖြင့် ဒါပေမယ့် လူမြင်သလို ဘုရားကမမြင်ဘူးဆိုတာကိုနားလည်ရပါတယ်။ အခုသွားပါ မင်းရဲ့နှုတ်မှာငါရှိမယ် မင်းဘာပြောရမလဲဆိုတာငါသွန်သင်မယ်လို့ပြောတာကိုတွေ့ရပါတယ်။
ထွက်မြောက်ရာကျမ်း ၄:၁၀
မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
ဒါဝိဒ်ကိုရွေးကောင်တဲ့အခါမှာ သူဟာကလေးငယ်ပါ၊ သိုးကျောင်းသားပါ၊ သူ့အစ်ကိုတွေကဲ့သို့ စစ်သူရဲတွေမဟုတ်ပါ။ ဒါ့ကြောင့် ရှမွေလကိုယ်တိုင်တောင် ဒါဝိဒ်ရဲ့အစ်ကိုတွေကို ဘုရားသခင်ဘိသိတ်ပေးမယ်လို့တောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ရသေးတယ်မဟုတ်ပါလား။
အဖေလုပ်သူကိုယ်တိုင်တောင်မှ သားငယ်ဖြစ်သူ ဒါဝိဒ်ကို စာရင်းမသွင်း၍ ထိုပွဲသို့ မခေါ်ထားပေ။ သို့သော် ဘုရားသခင်သည် လူမြင်သကဲ့သို့မြင်သည်မဟုတ် နှလုံးသားကိုကြည့်တယ်ဆိုတာကိုနားလည်ရပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၆:၇
ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအားမိန့်တော်မူ၏။
ကျွန်တော်တို့တွေမှာ အစွမ်းသတ္တိမရှိသော်လည်း၊ ဘာမှမတတ်စွမ်းနိုင်သော်လည်း၊ နှုတ်ရေးအသော်လည်း၊ မည်သို့ပင် မတီးတတ်မဆိုတတ်ဖြစ်နေပါလေစေ ကျွန်တော်တို့ရဲ့ အပေါ်ယံ တတ်စွမ်းနိုင်ခြင်းတွေထက် နှလုံးသားကိုသာ ဘုရားသခင်စိတ်ဝင်စားသည် စိတ်နှလုံးကိုသာ ကြည့်သည်။ ထိုအရာတွေကိုမလိုဟုဆိုလိုခြင်းမဟုတ်ပါ၊ ထိုအရာထက်သာ၍အရေးကြီးသောနှလုံးသားကိုဆိုလိုခြင်းဖြစ်သည်၊ နှိမ့်ချသောအသက်တာနှင့် ဘုရားသခင်နှစ်သက်သောနှလုံးသားရှိလျှင် ကျန်တာတွေသည် တဖြေးဖြေးနှင့် အခွင့်ရလာနိုင်ပေသည်။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်သောသူသည် အပေါ်ယံအလွှာတွေထက် အတွင်းနှလုံးသားကသာ သာ၍အရေးကြီးကြောင်း အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi