လွှတ်ချလိုက်ပါ

ကျွန်တော်ကြားဖူးတဲ့ မျောက်ကိုဖမ်းတဲ့ နည်းစနစ်လေးတစ်ခုရှိပါတယ်။ သက်သာစွာနဲ့ ဖမ်းလို့ရတဲ့နည်းလေးတစ်ခုပေါ့။ အခွံနွှာပြီးသားဖြစ်တဲ့ အုန်းသီးကို အပေါက်ဖောက်ကာ စားစရာအချို့ထည့်ထားပြီး တည်ကြက်လုပ်တဲ့နည်းလေးတစ်ခုပဲဖြစ်ပါတယ်။ တောထဲမှာ ထိုအုန်းသီးကို ပစ်ထားရင်း နေရာတစ်နေရာမှ စောင့်ကြည့်ကာ ဖမ်းကြတာပေါ့။ မျောက်တွေက အုန်းသီးအပေါ်ထဲ လက်နှိုက်ပြီး စားစရာကို ယူတဲ့အခါ လက်သီးဆုပ်ရတော့ အပေါက်ကမဆံ့၊ မဆံ့တော့ ထုတ်မရ၊ ထုတ်မရပေမယ့်လည်း စားစရာကို လက်ကမလွှတ်ချင်၊ ဒါနဲ့ပဲ လက်မလွှတ်နိုင်တဲ့အတွက် လူတွေဖမ်းတာကို ရှောင်နိုင်ရဲ့သားနဲ့ အဖမ်းခံရပါတော့တယ်။
တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေလည်း မျောက်အုန်းသီးရသလို ဖြစ်နေတတ်ကြသလား ဆိုတာကို ဆင်ခြင်ကြည့်ဖို့လိုပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် ကိုယ်ဆုပ်ကိုင်ထားမိတဲ့ အရာကို လက်မလွှတ်ချင်လောက်အောင် တပ်မက်မိတယ်၊ ထိုအရာက စီးပွားရေးလား၊ ပညာရေးလား၊ အချစ်ရေးလား၊ အစရှိသဖြင့် မိမိရဲ့ တက်မပ်ခြင်း တစ်ခုခုကြောင့် လက်မလွှတ်လေ နာကျင်ရလေ ပင်ပန်းရလေ ဝန်လေးရလေ ဖြစ်နေရတဲ့ အချိန်နာရီဆိုတာ ရှိတတ်ကြပါတယ်။
မိမိရဲ့ စွဲလမ်းနေတဲ့စိတ်သည် မျောက်လက်ထဲမှ အစာလိုပဲ မိမိအတွက် သုံးမရ အသုံးမဝင် ဖြစ်နေပေမယ့် လက်ကတော့ လုံးဝမလွှတ်ချင်၊ လက်မလွှတ်လေ ထိုအထဲမှ ရုန်းထွက်မရလေ၊ ရုန်းမထွက်နိုင်လေ ရန်သူ၏ ဖမ်းဆီးခြင်းကို ခံရလေ တနည်းအားဖြင့် ထိုအရာတွေရဲ့အောက်ကို ကျရှုံးရတော့မည်ဖြစ်ချေပြီ။ လွှတ်မချလေ နာကျဥ်ရလေ၊ ပင်ပန်းရလေ၊ ငိုကြွေးရလေ၊ သေချင်လောက်အောင် စွဲလန်းခြင်း၏ နှိပ်စက်ခြင်းကို ခံစားရကာ ထိုအရာကို လက်လွှတ်ရန် နှမြောမိခြင်းသာမက ဆုပ်လဲဆူး စားလဲရူးဆိုသကဲ့သို့ အုန်းသီးအပေါက်ထဲမှ မျောက်၏လက်ကဲ့သို့ပင် ကိုယ့်အဖို့ အသုံးမဝင်သော်လည်း ဆက်လက် စွဲလမ်းရင်းနှင့် ကိုယ်သာ ထိခိုက်နေရပေတော့သည်။
ထိုအရာတွေနဲ့သာ အလုပ်တွေရှုပ်ကာ အရှုပ်တွေလုပ်ရင်း ဘုရားသခင်ကို မေ့လျော့နေမိပြီလား၊ အချိုရည်ကုန်နေတဲ့ ပီကယ်လို ဝါးသာဝါးနေရတယ် အကျိုးမရှိဖြစ်မှန်းမသိ ဖြစ်ကာ ခြေကုန်လက်ပန်းကျ မောပန်းလို့နေပြီလား၊ မစွန့်လွှတ်နိုင်ဘူးဟုဆိုကာ လက်မြှောက်အရှုံးပေးရင်း ဝန်ပိနေပြီလား မိတ်ဆွေ။
ရှင်မဿဲခရစ်ဝင် ၁၁:၂၈
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။
သင့်ရဲ့ မထမ်းနိုင်တော့တဲ့ ဝန်တွေကို ယေရှုခရစ်တော်ထံ ပေးအပ်လိုက်ပါ။ သင့်ရဲ့ လက်မလွှတ်နိုင်တဲ့ အရာတွေကို လွှတ်ချလိုက်ပါတော့။ ငါသည် သင့်ကို ချမ်းသာပေးမည်ဆိုသည့်အတိုင်း သင့်ရဲ့ အသက်တာမှာ ငြိမ်ဝပ်ခြင်းချမ်းသာ ရဖို့ရာ သခင်ကမ်းပေးသော လက်ကို သင်ကိုယ်တိုင် လှမ်းကိုင်နိုင်ဖို့လိုပါတယ်။ ဆုပ်ကိုင်ထားသော မနိုင်ဝန်တွေကို လွှတ်ချရင်း ဝန်ထုတ်ကို သခင့်ထံသို့သာ ပေးအပ်ကြပါစို့လို့ အနည်းငယ် ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet