December 23, 2024

မင်္ဂလာရှိသောခွဲခွာခြင်း - ၂

 

ဤလောက၌ လူတိုင်းလူတိုင်းသည် ခွဲခွာခြင်းမျိုးစုံအား ကြုံတွေ့ရင်ဆိုင်ဖူးကြပေလိမ့်မည်။ မည်သည့်ခွဲခွာခြင်းပင် ဖြစ်စေ အနည်းနှင့်အများတော့ နာကျင်ရတတ်သည်မှာ အားလုံးအသိပင် ...

မိတ်ဆွေတစ်ဦးနှင့် တစ်ဦး ခွဲခွာခြင်း၊ ဆွေမျိုးအသိုင်းအဝိုင်း၊ နေရာရပ်ဝန်းတစ်ခုမှပင်ဖြစ်စေ ခွဲခွာရခြင်း၊ ချစ်ရသူများနှင့် ခွဲခွာရခြင်း စသည့် မည်သို့သော ခွဲခွာရခြင်းပင်ဖြစ်စေကာမူ နာကျင်ကြရသည်မှာ မြေကြီးလက်ခပ်မလွဲ မဟုတ်ပါလား။ ယနေ့ မိတ်ဆွေသည် မည်သို့သော ခွဲခွာရခြင်းကြောင့် နာကျင်နေရပါသနည်း၊ သို့တည်းမဟုတ် မည်သို့သော ခွဲခွာရမည်ကို သိသောကြောင့် နာကျင်နေပါသနည်း။

ခွဲခွာခြင်းဟုဆိုလိုက်တိုင်းတွင် ကျွန်ုပ်တို့သည် မခွဲခွာချင်ကြပါ။ ထိုခွဲခွာခြင်းတိုင်းသည် နာကျင်ရသော်လည်း ခွဲခွာခြင်းတိုင်းသည် မင်္ဂလာရှိကြသည်တော့မဟုတ်ချေ။ သို့သော် ထိုခွဲခွာခြင်းသည် မည်သည်ကို အခြေပြု၍ မည်သို့သောအရာကို ရှေးရှုကာ အဘယ်အရာအား ဗဟိုပြုသည်ဆိုသည်မှာ အရေးကြီးလှသည်။ ဤသည်သာလျှင် မင်္ဂလာရှိသော ခွဲခွာခြင်းအား ပေါ်ပေါက်စေသည်ဟု ဆိုချင်ပါသည်။ တမန်တော်ဝတ္ထုတွင် ရှင်ပေါလုနှင့် ဗာနဗတို့၏ ပဋိပက္ခအား ကြည့်လျှင် အထင်အရှားတွေ့ရသည်။

တမန်တော် ၁၅:၃၉
ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။

ရှင်ပေါလုသည် ဗာနဗအား ၎င်းတို့ဟောပြောခဲ့ဖူးသည့် နေရာများသို့ ပြန်လည်ကာ သွားရောက် (Follow Up) လုပ်ဖို့ရာ ပြောသည်တွင် ဗာနဗက မာကုအား (John Mark) ခေါ်ချင်သည်။ ရှင်ပေါလုသည် မာကုအား မခေါ်ချင် အဘယ်ကြောင့်ဆိုသော် ပထမခရီးစဥ်တွင် သူတို့အား စွန့်ပစ်ခဲ့သူ၊ ပြီးအောင် မလုပ်ဆောင်ခဲ့သူဟုဆိုကာ လက်မခံခဲ့ချေ။

ဤအရာမှသည် ရှင်ပေါလုနှင့် ဗာနဗတို့၏ ပဋိပက္ခသည် ခွဲခွာရခြင်းသို့ ဦးတည်ကာ ဗာနဗသည် မာကုအားခေါ်၍ ကုပရုကျွန်းသို့လည်းကောင်း၊ ပေါလုသည် သိလအား ရွေးချယ်ပြီးနောက် ရှုရိပြည်၊ ကိလပြည်သို့လည်းကောင်း အသီးသီး ခရီးဆက်ခဲ့ကြသည်ကို တွေ့ရပါသည်။

ထိုသူတို့အသီးသီး၏ ရင်ထဲတွင် ပဋိပက္ခကြောင့်တမျိုး၊ လမ်းခွဲခြင်းကြောင့် တဖုံ နာကျင်နေရမည်မှာ အမှန်ပင်ဖြစ်သော်လည်း။ ထိုခွဲခွာခြင်းသည် မင်္ဂလာရှိသည်မဟုတ်ပါလား။ ထိုခွဲခွာခြင်းသည် ပွားများခြင်းအား ဖြစ်ပေါ်စေခဲ့သည်ဟုလည်း ဆို၍ရသေး၏။ သူတို့၏ ခွဲခွာခြင်းသည် စစ်မှန်သော သမ္မာတရားအပေါ်၌ အခြေပြုကာ၊ ဧဝံဂေလိတရားအား ရှေးရှု၍ သခင်ယေရှုခရစ်တော်အပေါ်၌ ဗဟိုပြုထားခြင်းလည်း ဖြစ်သည်ကို ထင်ထင်ရှားရှား သတိပြုမိနိုင်ပေသည်။

မိတ်ဆွေနှင့် ကျွန်တော်တို့၏ ခွဲခွာခြင်းများသည် နာကျင်ရတတ်ပါသော်လည်း ထိုခွဲခွာခြင်းသည် စစ်မှန်သော သမ္မာတရားအပေါ်၌ အခြေပြုထားသလား၊ ဧဝံဂေလိတရားအား ရှေးရှုသလား၊ သခင်ယေရှုခရစ်တော်အပေါ်၌သာ ဗဟိုပြုထားသလားဆိုသည်ကို ဆင်ခြင်၍ ထိုခွဲခွာခြင်းသည် နာကျင်ရပါသော်လည်း မင်္ဂလာရှိသော ခွဲခွာခြင်းဖြစ်စေကာ တိုးပွားခြင်းအား ဖြစ်စေတတ်သည်ကို နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi 

Photo Crd: Internet 

Previous