ထန်းလျက်ရည် နှင့် သကာရည်

လွန်ခဲ့သောရက် တစ်ရက်တွင် ဆိုင်တစ်ဆိုင်မှာ ဒိန်ချဥ်မှာသောက်ပါတယ်၊ ထန်းလျက်ရည်နဲ့ဒိန်ချဥ်ပေါ့။ မှာထားသော ဒိန်ချဥ်ရောက်လာခဲ့တဲ့အခါမှာ ကြည့်လိုက်တော့ ထန်းလျက်ရည်လေးတွေဟာ ဖန်ခွက်အောက်တွင် အနည်ထိုင်နေလေသည်။ ဒီလိုနဲ့ ထိုအရာကို ကျွန်တော် စတင်မွှေပါတော့တယ်၊ သို့သော် အရောင်ကို မကြိုက်သေး၍ ထပ်၍ ထန်းညက်ရည်တောင်းခဲ့သည်။ ဒီလိုနဲ့ ၃ခါမြောက်တောင်းခဲ့သော်လည်း အရောင်မှာ ဖြူနေသေးပါတယ်။
ချိုသလားဆိုရင်တော့ ချိုပါတယ် သို့သော် အရသာသည် ထန်းလျက်ဒိန်ချဥ်အရာမဟုတ်ခဲ့သလို အရောင်သည် ထန်းလျက်ရည်ပါသော ဒိန်ချဥ်ဟုခေါ်ဆိုရန် မတော်မသင့် မထိုက်တန်ပေ။ နောက်မှ ထန်းလျက်ရည်အစစ်မဟုတ်ကြောင်း သိခဲ့ရလေသည်။ ထိုသူတွေက ထန်းလျက်ရည်အစား ကြံသကာရည်တွေကို သုံးကြတာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကြိုက်သလောက် ထပ်၍ထည့်ပါစေ ဒိန်ချဥ်၏အရောင်သည် မမဲချေ၊ မပြောင်းလဲချေ။
ရှင်မဿဲခရစ်ဝင် ၁၂:၃၃
အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။
ဒီလိုပါပဲ ခရစ်ယာန်လို့ပြောတိုင်း ခရစ်ယာန်လို့ထင်စရာအကြောင်း ရှိနေပါတယ်။ ကျွန်တော်တို့လူတွေက ခရစ်ယာန်လို့ဆိုတိုင်း အကုန်လုံးကို တူတူပါပဲ၊ ငါတို့လို့ခရစ်ယာန်လို့သာ ထင်ကြတတ်ပါတယ်။ ဒါပေမယ့် တကယ်သေချာကြည့်တော့မှ ထန်းလျက်ရည်ထည့်ထားတာမဟုတ်သော ဒိန်ချဥ်ကဲ့သို့ ဖြစ်မှန်းမသိ ဖြစ်နေမယ့် ခရစ်ယာန်ဟု အမည်ခံယူထားသောသူတွေ မြောက်များစွာရှိနေပါတယ်။
အချို့ကတော့ ဝိညာဥ်အသီးကို စစ်ကြည့်ရင် ရေရှည်မှာ သိသိသာသာကွာသွားတာကိုမြင်ရသလို (ဥပမာ အပြစ်ဝန်ချစရာမလို နောင်တရရန်မလိုဟုဆိုလျှင် ရေရှည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိတော့၍ အသက်တာလွဲမှားနိုင်သည်) ၊ အချို့ကလည်း အစကတည်းမှာတင် ကွဲပြားစွာသိသာသည်။ သဘောကတော့ အရသာကိုမြည်းစရာမလိုသေးသော ထန်းလျက်ရည်အယောင်ဆောင်နေသော သကာရည်ကဲ့သို့ပင် အရောင်မမဲသလို သိသာနေပေသည် မဟုတ်ပါလား။ ( မြင်အောင်ပြောရရင်လည်း တရုတ်မအဖွဲ့အစည်းဖြစ်သော ယေရှုတရုတ်မပေါ့ ) ဒါ့ကြောင့် ခရစ်ယာန်ဟုဆိုတိုင်း မျက်စိမှတ်မယုံကြဖို့လိုပါတယ်၊ ထိုသူတွေ၏ ခံယူယုံကြည်ချက်၊ ဩဝါဒ၊ စသဖြင့်ကို စမ်းစစ်ကြည့်သင့်ပေသည်။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
ဒါ့ကြောင့် မိမိတို့သည် အခြေခံယုံကြည်ချက်တွေကို သိကိုသိထားရပေမည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကဘာလဲ၊ ဘာကိုလက်ခံတာလဲ၊ ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်း၊ သန့်ရှင်းသောဝိညာဥ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်း၊ ယေရှုခရစ်တော်သာ ထာဝရအသက် ကယ်တင်ခြင်းသည် တစ်လမ်းထဲ စသဖြင့်တွေကို သိနားလည်ထားမှသာ ထန်းလျက်ရည်လား သကာရည်လား၊ ဘာလို့အရောင် မမဲသလဲ ဘာလို့ အရသာမတူသလဲ စသဖြင့်တွေကို ကွဲကွဲပြားပြားသိနိုင်မည်မဟုတ်ပါလား။ ကျွန်တော်တို့တွေသည် ထိုကွဲပြားစေသော အရာကိုလည်း ပြန်လည်ဝေမျှပေးနိုင်မှသာ သကာရည်ကို ဖယ်ထုတ်ကာ တကယ့်ထန်းလျက်အစစ်နဲ့ဒိန်ချဥ်ကို လူတွေ စိတ်ချလက်ချ သောက်သုံးနိုင်မှာဖြစ်တယ်ဆိုတာကို အနည်းငယ်ဝေမျှပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet