December 23, 2024

Self Evaluation- 8

ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာ၌ဖြစ်စေ၊ လုပ်ဆောင်ကြရာ၌ဖြစ်စေ ကောင်းကွက်များ မည်မျှပင်ရှိပါစေ၊ သို့တည်းမဟုတ် မည်မျှပင် ကောင်းအောင်လုပ်ပါစေ တစ်ခါတစ်ခါ၌ အပြစ်ကိုသာ မြင်မိတတ်ကြသည့်အခိုက်အတန့်များစွာရှိတတ်ကြသည်။

လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ပင်ဖြစ်စေ ထိုအခြေအနေတို့သည် ကြုံရစမြဲပင် ... မိမိကအပြစ်မြင်ခြင်း သို့တည်းမဟုတ် မိမိအားအပြစ်မြင်ခြင်းသည် ရှိကိုရှိလေ့ရှိသော အရာတစ်ခုဟုဆိုလျှင် မမှားချေ။

မိမိ သို့မဟုတ် သူတပါး၏ အပြုအမူ၊ အပြောအဆို၊ လုပ်ဆောင်မှုအား အပြစ်မြင်ကာ အဆင်မပြေဖြစ်လေ့ရှိသည့် အခိုက်အတန့်သည် သင်နှင့်ကျွန်တော်တို့ ကြုံတွေ့ဖူးပြီးသားဖြစ်ပေလိမ့်မည်။ ထိုအပေါ်၌ အခြေခံကာ အပြစ်ပြောမိခြင်း၊ အပြစ်တင်မိခြင်းသည် ရေကန်ထဲသို့ကျသော ခဲတစ်လုံးအလား ရင်ဘတ်ထဲသို့ ရိုက်ခတ်လေ့ရှိသည်မှာ အမှန်ပင် ... သို့နှင့် အယ်လွန်းဝါ၏ "အပြစ်ကိုရှာရင် အပြစ်ကိုပဲမြင်မယ်" ဟူသည့် သီချင်းစာသားလေးတစ်ခုအား ပြန်လည်ကာ သတိရမိသည်။

ကျွန်ုပ်တို့၏ စိတ်အလိုမကျမှုကြောင့် အပြုသဘောမပြောမိဘဲ အပြစ်တင်မိခြင်းသည် ဘယ်နှစ်ကြိမ်များ ရှိနေခဲ့ပြီနည်း ...

သုတ္တံဆရာကတော့ "ဖြေးညှင်းသောစကား၊ A soft answer" သည် "စိတ်ကိုဖြေတတ်ကြောင်း၊ Turns away wrath" သတိပေးကာ "ကြမ်းတမ်းသောစကား၊ A harsh word၊ သည် အမျက်ကိုပင် နှိုးဆော်ကြောင်း၊ Stirs up anger" ထပ်လောင်း သတိပေးထားသည်ကို တွေ့ရပေသည်။

သုတ္တံကျမ်း ၁၅:၁
 ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသော စကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။

ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်ကိုသာရှာရင်း အပြစ်မြင်နေခြင်းမှသည် အပြုသဘောဆောင်ကာ ဖြေးညှင်းသောစကားကို အသုံးပြု၍ ပြင်ဆင်ရန်၊ ပြုပြင်ရန် အကြံပြု ပြောဆိုရင်း ထိုသူတို့၏ လုပ်ဆောင်ပြုမူကြရာအပေါ်၌ ချစ်စရာများကိုလည်း မမေ့မလျော့ ပြန်လည်ကြည့်မိရန်လည်း လိုအပ်ပေသည် မဟုတ်ပါလား ... 

သို့မှသာ အယ်လွန်းဝါ၏ သီချင်းလေးအတိုင်း "အချစ်ကိုရာရှင် အချစ်ကိုပဲမြင်မယ်" ဟု ဆင်ခြင်ရင်း "ခရစ်တော်နဲ့ပဲ အလုံးစုံရှုမြင်ကွယ်" လို့သာ သီချင်းလေးအား တီးတိုးဆိုညည်း၍ မိမိကိုယ်မိမိ "Self Evaluation" လုပ်ကာ ဝေမျှလိုက်ပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next