December 23, 2024

ပဋိပက္ခ - ၃၁

 

ကျွန်တော်တို့သည် လူသားများဖြစ်သည့်အားလျှော်စွာ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ခြင်း ဒေါသထွက်ခြင်းဟူသည့် အခြေခံစိတ်ခံစားချက်များရှိတတ်ကြသည့်အားလျော်စွာ ဒေါသထွက်ခြင်းသည် နာကျင်ခြင်း၊ မတရားမှုအားရင်ဆိုင်ရခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပျက်(အလိုမကျခြင်း) ဟူသည့် ခံစားချက် အခြေအနေလေးမျိုးအပေါ်၌ အခြေခံ၍ ထွက်ပေါ်လာလေ့ရှိသည်ဟု စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရဖူးသည်။ 

ဤသည်မှာလည်း လူသားတစ်ဦး၏ သဘာဝခံစားချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ နဲနဲဒေါသအမျက်ထွက်တတ်သူနှင့် အများကြီးဒေါသအမျက်ထွက်တတ်သူတို့လည်း ရှိတတ်သေးသည်မဟုတ်ပါလား ... သို့ရာတွင် ထိုအရာကို လွန်ကျူးစွာ မှီဝဲမိသည့်နောက်တွင်တော့ ပဋိပက္ခနှင့်အတူ ဆိုးကျိုးများစွာအား ရင်ဆိုင်ရတတ်ပေသည်။ "ဒေါသရှေ့ထား မှားတတ်သည်" ဟူ၍လည်း ဆိုတတ်ကြသည်ကိုလည်း ကြားဖူးကြမည်ဖြစ်သည်။

ဟုတ်ပါသည် ... ထို့ကြောင့်လည်း ဒေါသထွက်၊ စိတ်ဆိုးနေချိန်တွင် စကားများများပြောသည့်နောက် အမှားပါလာတတ်ကြသည်မှာ ကျွန်ုပ်တို့ အသိပင် ... မှုခင်းသတင်းဂျာနယ်တစ်ခု၌ ကွမ်းယာကြွေး (ငါးဆယ်လား ငါးကျပ်လား မမှတ်မိ) မပေးသဖြင့် လူသတ်မှုကျူးလွန်ခဲ့သူတစ်ဦးအကြောင်းကို ကျွန်ုပ်ဖတ်မိခဲ့ဖူးသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဘယ်လောက်မျှတော့မဟုတ်ပါ သို့သော် ဒေါသရှေ့ထား၍ မှားမိခြင်းပင် ...

ထိုအကြောင်းအရာများသည် သွေးပူနေချိန်၌ အမှားများများ ကျူးလွန်မိတတ်ကြသကဲ့သို့ အချို့သော မှုခင်းများမှာ စိတ်ဆိုး၊ ဒေါသထွက်နေချိန်တွင် အဖြစ်များသည်ဟူသော သက်သေများထဲမှ တစ်ခုအပါအဝင်ဟုပင် ဆို၍လည်းရချေဦးလိမ့်မည်။

သုတ္တံဆရာကတော့ "ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။" ဟုပင်ဆိုထားသည်။ မိမိတို့၏ ဒေါသအမျက်အား အတားအဆီး အထိန်းအကွပ်မရှိဘဲ လွှတ်ချလိုက်လျှင်တော့ အင်မတန်မှဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများအား ရင်ဆိုင်ရနိုင်ချေရှိသည်မှာ မြေကြီးလက်ခပ်မလွဲပါ။ ထို့ကြောင့် ဒေါသအမျက်ထွက်လာချိန်၌ မိမိ၏ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိမိ၏ အသင်းတော်၌ဖြစ်စေ၊ မိသားစုတွင်ပင်ဖြစ်စေ စသည့် မည်သည့်အချိန်နေရာ၌ပင်ဖြစ်လင့်ကစား သုတ္တံဆရာဆိုသည့်နှယ် ဟင်းလင်းရှိသောမြို့ကဲ့သို့ဖြစ်ချင်သလားဟု ထိုအချိန်၌ ဆင်ခြင်မိလျှင်ကောင်းပေလိမ့်မည်။

ဧဖက်ဩဝါဒစာ ၄:၂၇
အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။-

မိမိတို့၏ အမျက်ဒေါသများအား မထိန်ချုပ်ပဲ ဟင်းလင်းရှိသောမြို့ကဲ့သို့ ပျက်ဆီးယိုယွင်း ပြိုပျက်လျှက် ဆုံးရှုံးမှုများအား ရင်ဆိုင်ကာ မာရ်နတ်အား အခွင့်ပေး၍ ငြိမ်သက်ခြင်းများပျက်ဆီးလျှက် အပြစ်ဒုစရိုက်အား ဒေါသအလျှောက် ကျူးလွန်၍ မိမိ၏ အမျက်ဒေါသများကိုသာ လွန်ကျူးစွာ မှီဝဲနေမည်လား ..... နှုတ်ကပတ်တော်၏ သတိပေးခြင်းတစ်ခုဖြစ်သော "နေမဝင်ခင် အမျက်ပြေစေရန်၊ မာရ်နတ်အား အခွင့်မပေးရန်" ကိုသာ သတိချပ်မည်လားဟု ဆင်ခြင်လျှက် ... 

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi 

Photo Crd: Internet

Previous Next