December 26, 2024

နှစ်ကြိမ်တိုင်​အောင်ပင် ဝိုင်း​စေဦး​တော့

ကျွန်​တော်တို့သည် ပြဿနာ အခက်အခဲများကြုံရခြင်းအ​ပေါ်တွင် စိတ်ပျက်တတ်ကြသည်။ အ​ခြေအ​နေအ​ပေါ်တွင် အားယုတ်​လေ့ရှိကြသည်။ သို့​သော်လည်း စိတ်မပျက်ပါနှင့်။ အားမ​လျှော့ပါနှင့်၊ ဧလိရှဲပင်လျှင် ပြဿနာအခက်အခဲတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ကြုံ​တွေ့ခဲ့ရဖူးသည်မဟုတ်ပါလား။ 

နှစ်ကြိမ်တိုင်တိုင် ရှုရိစစ်တပ်ကြီး၏ ဝိုင်းခြင်းကို ခံခဲ့ရသူ၊ ဝိုင်းလာ​သောသူများသည်လည်း သာမန်လူများမဟုတ် စစ်သူရဲများသာဖြစ်သည်။ စစ်မြင်းများ၊ စစ်ရထားများ၊ လက်နက်အပြည့်အစုံပါ​သော စစ်သည်ဗိုလ်ပါအလုံးအရင်း၏ လာ​ရောက်ဝိုင်းခြင်းကိုခံခဲ့ရဖူး​လေသည်။ 

ပထမအကြိမ်တွင် ​ထိုစစ်တပ်ရှုံးနိမ့်၍ ထွက်​ပြေးခဲ့ကြရသည်။ ဒုတိယအကြိမ်မှာ​တော့ ပထမအကြိမ်ထက် ပို၍များပြား​သော စစ်သည်များအလုံးအရင်းနှင့်လာ​ရောက်ဝိုင်းကာ ပထမထက်သာ၍ကြာမြင့်စွာ ဝိုင်းခဲ့​ပေသည်။ ထို့​ကြောင့် ဧလိရှဲတို့၏ ​နေရာ ရှမာရိမြို့ကို အချိန်ကြာမြင့်စွာ ဝိုင်းထားသဖြင့် အင်မတန်အစာ​​ခေါင်းပါးခြင်းကိုကြုံ​တွေ့ခဲ့ကြရသည်။ 

တခါတ​လေတွင် ပထမကြုံ​တွေ့ရသည့်အခက်အခဲ ​အောင်မြင်သွား​လေ့ရှိကြ​သော်လည်း ဒုတိယအကြိမ်တွင် ပထမထက်သာ၍ ခက်ခဲသည့်အရာကို ကြုံ​တွေ့ရလျှင် အနည်းငယ်​တော့ အားယုတ်သွားတတ်ကြစမြဲပင်။ လက်​လျှော့ချင်မိသည်၊ အား​လျှော့ချင်လာသည်၊ စိတ်ပျက်လာသည်၊ ဘုရားသခင်ကယ်မမည်ဟုပင် မယုံကြည်နိုင်​တော့သလို မထင်တတ်ကြ​တော့သည်မှာလည်း ဖြစ်တတ်ကြပါသည်။ သို့​သော် စိတ်မပျက် အား​မ​လျှော့ပါနှင့်မိတ်​ဆွေ၊ ဘုရားသခင်ကိုသာ ဆက်လက်၍​မျှော်လင့်ပါ။ 

ဘုရားလူ၏ စကားမှာ မနက်ဖြန်တွင် မု​ယောဆန်တစ်ခွဲလျှင် တစ်ကျပ်၊ ဂျုံမုန့်ညှက်တစ်စိတ်လျှင် တစ်ကျပ်တို့ဖြင့်သာ ရှမာရိရိမြို့တံခါးဝတွင် ​ရောင်းရကြလိမ့်မည်ဟုဆိုသည်ကို အမတ်တစ်ဦးသည် မည်သို့မျှ မယုံကြည်နိုင်ခဲ့ပါ။ ဘုရားသခင်သည် ​မိုးကောင်းကင်တံခါးကိုသာဖွင့်၍ ပစ်ချမှသာလျှင် ဖြစ်နိုင်မည်ဟုဆို၍ ပျက်ရယ်ပြုခဲ့သည်။ သူ၏ ထင်မြင်ခြင်းသည် အ​ခြေအ​နေအခက်အခဲ၏ ခက်ခဲလွန်းမှု​ကြောင့်ဖြစ်​ပေမည်။ အဘယ့်​ကြောင့်ဆို​သော် အင်မတန်အစာ​ခေါင်းပါးသဖြင့်လည်းဖြစ်သလို၊ သူတို့လက်ရှိ ကြုံ​တွေ့​နေရ​သော ကုန်​​ဈေးနှုန်း၏ အ​ခြေအ​နေ​ကြောင့်လည်းဖြစ်သည်။ 

မြည်း​ခေါင်း​တစ်​လုံး​လျှင် ငွေ​ရှစ်​ဆယ်​၊ ပဲ​ကြမ်း​တစ်​ပြည်​လျှင် ငွေ​ငါး​ကျပ်ဖြစ်​နေ​သော ကုန်​ဈေးနှုန်းသည် မည်သို့မှလည်း ထိုသို့​သော အစာမျိုးကို ၁ကျပ်နှင့် ​နေ့ချင်းညချင်း​ရောင်းနိုင်ရန်အ​ကြောင်းမရှိပါ။ မြည်း​ခေါင်းသည် သူတို့အတွက် ညစ်ညူး​သောအရာ၊ အသားလည်းမရှိ​သောအရာဖြစ်​သော်လည်း ​ဈေးမှာ ​ခေါင်ခိုက်​နေသလို၊ ပဲကြမ်းသည်ပင်လျှင် ငါးကျပ်ဟူ​သော​ဈေးမှာ အမတ်ကြီး၏ မြင်​တွေ့​နေရ​သော အ​ခြေအ​နေဆိုလည်းမမှား​ချေ။ 

သို့​သော် မည်သို့ပင်ဖြစ်​​စေကာမူ အ​ခြေအ​နေတို့၏ အထက်၌ရှိ​သော ဘုရားသခင်သည် ယခုမည်သို့ပင်ခက်ခဲ​နေပါ​စေ ​ခေါင်းပါး​နေပါ​စေ မနက်ဖြန်​နေ့တွင် တစ်ကျပ်နှင့်ရမည်ဆိုလျှင် ရကိုရမည်ဖြစ်သည်။ ယခုတွင် ပထမအကြိမ်ထက် သာ၍တိုး၍ လာ​ရောက် ဝိုင်း​သော ရန်သူသည် ​ပြေးရမည့်ကာလအချိန်​ရောက်ကို​ရောက်လာ​စေခဲ့သည်။ 

ဓမ္မရာဇဝင် စတုတ္ထစောင် ၇:၁၈
ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ရှင်ဘုရင်အားဆင့်ဆိုသည်အတိုင်း ဖြစ်၏။ 

ထို့​ကြောင့် မိတ်​ဆွေနဲ့ကျွန်​​တော်တို့ ကြုံ​တွေ့ရ​သော အ​ခြေအ​နေသည် စိတ်ပျက်စရာ​ကောင်းမည်၊ နာကျင်စရာဖြစ်မည်၊ ငို​ကြွေးမြည်တမ်းစရာလည်းဖြစ်မည်၊ ခက်ခဲလွန်းမည် ဖြစ်နိုင်ပါသည်။ ရှုရိစစ်တပ်ကြီးဒုတိယအကြိမ်လာ​ရောက်ဝိုင်းသကဲ့သို့ ဖြစ်​ကောင်းလည်းဖြစ်​နေနိုင်​ပေမည် ဖြစ်​သော်လည်း "နက်ဖြန်​နေ့ ယခုအချိန်​ရောက်လျှင်" ဆိုသည့်အတိုင်း အ​ခြေအ​နေတို့၏ အထက်၌ရှိ​သော ဘုရားသခင်သည် ​ပြောလျှင် ​ပြောသည့်အတိုင်းတတ်နိုင်သည်ကို အားယူ၍ရဲရင့်ခြင်းရှိကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next