ခွေးတို့ကိုရှောင်ကြစို့

လောကမှာကြားရသော ဩဝါဒပေါင်းများစွာရှိပါတယ်။ ကျွန်တော်တို့တွေဟာ ဩဝါဒပေါင်းစုံ၊ သွန်သင်ချက်ပေါင်းစုံ၊ ဆရာသမားပေါင်းစုံ၊ အသင်းတော်ပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ သွန်သင်ချက်ပေါင်းများစွာကို မြင်ရကြားရသည်ကိုတော့ ငြင်းဆို၍မရချေ။
ဒီလို ဒီလို ဩဝါဒပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ အသင်းတော်ပေါင်းစုံ ပေါ်လာလေလေ၊ ကျွန်တော်တို့ကိုလွဲမှားစေဖို့ ပိုဖြစ်နိုင်လေလေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စံထားရမည်မှာ နုတ်ကပါတ်တော်ပင်ဖြစ်ပါတယ်။ နှုတ်ကပါတ်တော် ဘုရားစကားသည် သမ္မာတရားဖြစ်သောကြောင့် မည်သူနှင့်မျှမတူပေ။ ထိုသူတွေလွဲနိုင်ပါသော်လည်း ဘုရားစကားမလွဲပါ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်မယ်ဟုဆိုသည်မှာ ဘုရားစကားပင်ဖြစ်သည်။ များစွာသော ဩဝါဒလေ တိုက်သောကြောင့် ဖရိုဖရဲ ယိုယွင်းပျက်စီးခြင်းမဖြစ်စေဖို့ရာ ဘုရားသခင်အလိုတော်ရှိပါတယ်။ ဒီလို မှားယွင်းသောဩဝါဒတွေနဲ့ မိစ္ဆာပရောဖက်များ၏ သွန်သင်ခြင်းတွေ၊ ကျွန်တော်တို့ဆီလာနေလျှက်ရှိသော မိစ္ဆာအယူတွေသွန်သင်သော မိစ္ဆာဆရာသမား၊ မိစ္ဆာပရောဖက်တွေကို သတိနှင့်ရှောင်ပါလို့လဲ အတိအကျသတိပေးထားပါတယ်။
ရှင်မဿဲခရစ်ဝင် ၇:၁၅
အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
တောခွေးတော့ တောခွေးပါ သို့သော် သိုးအရေကိုခြုံထားသောကြောင့် ရုတ်တရက်မသိနိုင်ဘူး၊ သိုးပါလို့ အလွယ်တကူယုံနိုင်တယ်၊ ဒါ့ကြောင့် ကျမ်းစာကိုနားမလည်၊ သမ္မာတရားကိုမသိရင်တော့ တောခွေး၏ကိုက်စားခြင်းကို ခံရမှန်းမသိ ခံနေရမှာဖြစ်ပါတယ်။
ဒီလိုလူတွေက အပြင်ပန်းကြည့်လျှင် ခရစ်ယာန်ပဲ၊ ဆရာသမားပဲ၊ သို့သော် လွဲမှားသောဩဝါဒတွေကိုသာသွန်သင်ခြင်းဖြစ်တယ်၊ အခြားသောဧဝံဂေလိကိုပြောတတ်ကြတယ်၊ စသဖြင့်အမျိုးမျိုးကွဲပြားကြတာဖြစ်ပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၃:၂
ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။
ခွေးသည်မသန့်ရှင်းဘူးလို့ ထိုခေတ်ကယူဆတယ်၊ တပါးအမျိုးသားတွေကို နှိမ်ခေါ်ခြင်းမျိုးဖြစ်ပါတယ်။ ဒီနေရာမှာတော့ အသင်းတော်၏ပျက်စီးစေခြင်းကိုသာလုပ်ဆောင်နေသူတွေ၊ အယောင်ဆောင်ခရစ်ယာန်တွေ၊ တကယ်အသက်တာမပြောင်းလဲသူတွေကိုခေါ်ခြင်းမျိုးဖြစ်သည်။ ဒါ့ကြောင့် ထိုသူတွေသည် မကောင်းသောအကျင့်ကိုသာ ကျင့်ကြသောသူတွေဖြစ်တယ်၊ ခရစ်ယာန်ယောင်ယောင်၊ ဝိညာဥ်ရေးရာကြီးထွားသယောင်ယောင်နဲ့ တကယ်တော့ တလွဲတွေဖြစ်နေတာမျိုး၊ ကိုယ့်အသင်းတော်၊ ကိုယ့်အသက်တာ၊ စစ်မှန်သောဩဝါဒ၊ သမ္မာတရား၊ စသဖြင့်တွေကိုသာ ဆွဲချတတ်သော သူတွေဖြစ်သောကြောင့် ခွေးတို့ကိုရှောင်ကြပါလို့သတိပေးနေခြင်းပင်ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းသည် သမ္မာတရားကိုပိုင်းခြားနားလည်၍ တောခွေးဖြစ်လျှက်ပင် သိုးရေကိုခြုံထားသော မိစ္ဆာဩဝါဒများသွန်သင်သူတွေကိုရှောင်ကာ မိမိတို့အား ဆွဲချပျက်စီးစေမည့် ခွေးတို့ကိုရှောင်ကြပါစို့ဟု အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet