ခုနှစ်ကြိမ်လဲသော်လည်း
ကျွန်တော်တို့ယုံကြည်သူများသည်လည်း အမှတ်မထင် လဲကျတတ်သည်။ ဇာတိသဘောကို မသိမသာ လိုက်မိတတ်ကြသည်။ လောကသဘာဝအတိုင်း မသိမသာ အသက်ရှင်မိသည့်အခိုက်အတန့်လေးတွေရှိတတ်ကြသလို၊ ငါဆိုသည့် အတ္တလေးများမသိမသာ ကြီးစိုးမိသည့်အချိန်လည်း ရှိတတ်ပေသည်။
ယုံကြည်သူလည်း လဲကျတတ်ပါသည်ဟု မမေ့မလျှော့ ဆင်ခြင်ပြီး အသက်ရှင်ဖို့ရန်အတွက် အင်မတန်အရေးကြီးပါသည်။ စိတ်ဆိုးမိသည့်ကာလ၊ အော်ဟစ်မိသည့်အချိန်၊ မှားယွင်းမိသည့်အရာများရှိတတ်ကြမည်ဖြစ်သော်လည်း ဝိညာဥ်တော်၏ ဖော်ပြခြင်းကြောင့် နောင်တရတတ်ကြသည်။ အပြစ်ကိုအပြစ်မှန်း၊ အမှားကိုအမှားမှန်းသိလာကာ လှည့်ပြန်တတ်ကြသည်။
မတရားသောသူများ၏ အကြံအစည်ကြောင့်သော်လည်းကောင်း လဲကျမိခြင်း၊ မနာလိုမုန်းတီးသူများ၏ ရန်လိုခြင်းကြောင့်သော်လည်းကောင်း လဲပြိုကျခြင်း၊ မည်သည့်ကိစ္စကြောင့်မှန်းမသိသော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် ယုံကြည်သူများသည် လဲကျတတ်သော်လည်း ပြန်လည်ထနိုင်ခြင်းသည် ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ ထိုကျေးဇူးတော်ကြောင့်သာပင်လျှင် ကျွန်ုပ်တို့ဖြောင့်မတ်သူများမှာ ခုနှစ်ကြိမ်လဲသော်လည်း ပြန်ထနိုင်သေးသည်မဟုတ်ပါလား။
သုတ္တံကျမ်း ၂၄:၁၆
ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။
ချစ်သောမိတ်ဆွေ ယနေ့ကျွန်ုပ်တို့၏ လဲကျခြင်းတွေအပေါ်မှာ အားမငယ်ပါနှင့်၊ စိတ်မပျက်ပါနှင့်။ ကျွန်ုပ်တို့၏ လဲကျခြင်းတိုင်းတွင် ပြန်ထနိုင်မည့်အခွင့်ရှိသည်မဟုတ်ပါလား။ သင်နှင့်ကျွန်ုပ်၏ ခြေလှမ်းတိုင်းကို သမ္မာသတိနှင့်သွားလာကြကာ ဘေးဘယ်ညာမတိမ်းစောင်းပဲ အသက်တာကို ဘုန်းတော်ထင်ရှားခြင်းအားဖြင့် အလင်းကို လင်းကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet