မနာရှေ၏ နောင်တဆုတောင်း
မနာရှေမင်းသည် ရာဇဝင်ထဲတွင် ဆိုးညစ်သောမင်းဖြစ်သကဲ့သို့ ဘုရားသခင်စိတ်တော်နှင့်မတွေ့သော မင်းဆိုးတစ်ပါးဖြစ်ကြောင်းကို ကျွန်ုပ်တို့တွေ့ရပေသည်။ အသက်ငယ်စဥ်တွင်ပင် နန်းထိုင်ရသောသူလည်းဖြစ်သည်။ ငါးဆယ့်ငါးနှစ်စိုးစံခဲ့ပြီး ထာဝရဘုရားရှေ့၌ ဒုစရိုက်ကိုပြုသူဟုဆိုလျှင်လည်း မမှားချေ။ တနည်းဆိုရလျှင် သူ့ပရောဂကြောင့် တိုင်းပြည်ဒုက္ခရောက်ခဲ့ရပေသည်။
ထင်ရှားသော ဒုစရိုက်တစ်ခုမှာ ယခင်ဖယ်ရှားခဲ့သော အရာများကို ပြန်လည်လုပ်ဆောင်ခြင်းလည်း အပါအဝင်ဖြစ်သည်။ ထိုအရာသည် ဖခင်ဖြစ်သူဖျက်ဆီးသောကုန်းတို့ကို ပြန်လည်ပြုပြင်၍ ဗာလအဖို့ ယဇ်ပလ္လင်တည်ခြင်းပင်ဖြစ်သည်။ ထိုအချိန်ကာလတွင် ဗာဗုလုန်အင်ပါယာသည် အရှိန်အဝါကြီးထွားလာချိန်ဖြစ်သကဲ့သို့ သူတို့သည် "Astrological Worship" ဗေဒင်နက္ခတ်ကိုးကွယ်မှုများလုပ်ဆောင်လေ့ရှိသည်ကိုလည်း အတုယူကူးချခဲ့ဟန်တူပေလိမ့်မည်။ ထို့ကြောင့် ပုံစံဟောင်းသာမက ပုံစံသစ်များဖြင့်လည်း ယုဒတို့အတွက် ပြစ်မှားခြင်းများကိုဖြစ်စေခဲ့သည်။ ထို့အပြင် အခြားအခြားသော ဒုစရိုက်များစွာကိုလည်း တွေ့ရသည်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၂၁:၁၆
မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကိုပြစ်မှားစေသော အပြစ်မှတစ်ပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှာပြု၏။
ကလေးများအား သတ်ခြင်း၊ မိမိတို့၏ သားများကိုလည်း မီးဖြင့်ပူဇော်ခြင်း၊ အာရှရပင်နှင့် တူအောင်ထုသောရုပ်တု၊ ကာလဗေဒင်အတတ်များ၊ ပြုစားတတ်သောအတတ်များ၊ စုန်းအတတ်၊ နတ်ဝိဇ္ဇာအတတ် စသဖြင့်တို့ကိုလည်း အခွင့်ပေးတတ်ပြန်ပေ၏။ ထိုသို့များစွာသော ဒုစရိုက်တို့ကိုပြု၍ ထာဝရဘုရားရှေ့တော်၌ ညစ်ညူးသောမင်းတစ်ပါးပင်ဖြစ်ခဲ့လေသည်။
ထိုသို့သောသူသည် ယေရုရှလင်မြို့၌ အသက် ၁၂နှစ်တွင်နန်းထိုင်၍ ၅၅နှစ်စိုးစံကာ ဒုက္ခပေါင်းစုံရောက်စေခဲ့သော်လည်း (ဓမ္မရာဇဝင် စတုတ္ထစောင် ၂၄:၃-၄) တွင်ယခုကဲ့သို့တွေ့ရပေသည်။ "မနောရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သော သူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။"
ထိုမင်းကျူးလွန်တတ်သော အသေမခံထိုက်၊ အပြစ်မရှိသောသူတို့အား သတ်သောအပြစ်နှင့် ထိုသူတို့၏အသွေးကို မြို့၌ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည်လွှတ်တော်မမူပေ။
ထာဝရဘုရားသည် မနာရှေနှင့်သူ၏လူတို့အား မိန့်တော်မူသော်လည်း နားမထောင်သဖြင့် အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများထံ၌ မနာရှေအဖမ်းခံခဲ့ရသည်။ သံကြိုးများဖြင့်ချည်နှောင်ခြင်းကိုခံခဲ့ရကာ ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်ကိုတွေ့ရပေသည်။ ထာဝရဘုရားသည် မနာရှေအားနောင်တရရန်အချိန်ပေးထားသော်လည်း သူသည် နောင်တမရ၊ လည်ပင်းခိုင်မာသောအမျိုးဖြစ်ချေသည်။ သူ၏ အပြစ်များအတွက် နောင်တမရရုံသာမက၊ သူတပါးအားလည်း လွန်ကျူးစေခဲ့သလို၊ သူသည်လည်း ပျော်ပါးစွာ လွန်ကျူးခဲ့သည်။ ထာဝရဘုရားမိန့်တော်မူသည့်အချိန်တွင်လည်း နားမထောင်ခဲ့သူပင်ဖြစ်ပေသည်။
ရာဇဝင်ချုပ် ဒုတိယစောင် ၃၃:၁၂-၁၃
ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊
ဆုတောင်းပတ္ထနာ ပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တစ်ဖန် ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။
တခါတလေတွင် ကျွန်တော်တို့၏ ပြုမိမှားသောအပြစ်ဒုစရိုက်များသည် ခွင့်လွှတ်ရန်မထိုက်တန်တော့ဘူးဟုလည်း မိမိကိုယ်တိုင်သိရှိသည်။ အပြစ်ကများလွန်းသဖြင့် ဆေးမမှီတော့ဘူးဟုလည်း တွေးထင်မိနိုင်သည်။ မနာရှေကဲ့သို့ မိမိ၏လက်တွင်လည်း အပြစ်မရှိ မသေသင့်သောသူများ၏ အသွေးများအလိမ်းလိမ်းပေကျံနေလျှင် ပေကျံနေပေဦးလိမ့်မည်။
"မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊ ဆုတောင်းပတ္ထနာ ပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍" ဟုဆိုသဖြင့် မနာရှေနောင်တရခဲ့သည်ဟုဆိုကြပါစို့။ "ဆုတောင်းပတ္ထနာ"ကို အသေးစိပ်မဖော်ပြထားသော်လည်း ထိုနောင်တကို ဘုရားသခင်လက်ခံခဲ့သည်။ ထိုအရာအားဖြင့် "ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း" ကိုလည်း မနာရှေသိခွင့်ရခဲ့ပေသည်မဟုတ်ပါလား။
ဘုရားသခင်သည် သင့်ကိုလည်း နောင်တရရန်အချိန်ကိုစောင့်နေသည်။ "ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း" ကို မနာရှေသိခွင့်ရသွားသကဲ့သို့ သင်သည်လည်း ထိုသိခွင့်ရခြင်းကို ခံစားရဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။ ယနေ့မှာပင် နောက်မကျခင် နောင်တရကာ အထံတော်သို့တိုးဝင်လိုက်ပါ မိတ်ဆွေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet