သင့်အတွက် ကျေးဇူးပြုခြင်း
တစ်နေ့မှာ အဘွားအိုတစ်ယောက်က လမ်းမှာဖြတ်သွားတဲ့ကားတွေကို တားနေခဲ့တယ်။ သူ့မှာလည်း အိတ်ကြီးတစ်အိတ်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်စီးက လမ်းကြုံခေါ်တင်လိုက်လေရဲ့။ အဘွားအိုက ကားကြုံလိုက်စီးခွင့်ကို ရခဲ့တာပေါ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ ကားပေါ်မှာ ထိုင်စီးရသော်လည်း အဘွားအိုက သူ့အိတ်ကြီးကို ဘေးမချထားပဲနဲ့ ခေါင်းပေါ်မှာသာ ဆက်ပြီးတော့ ရွက်ထားခဲ့တယ်။
ဒါကို ကားဆရာက ထူးဆန်းနေလို့ မနေနိုင်တော့တာနဲ့ မေးလိုက်တယ်။ "အဘွား ... ကားပေါ်မှာနေရာလဲကျယ်ပါတယ် ချထားလို့ရတယ်လေ၊ ပင်ပန်းခံပြီး ဘာဖြစ်လို့ရွက်ထားတာလဲ" လို့ဆိုလိုက်လေရဲ့။ ဒါကိုအဘွားအိုက ဒီလိုပြန်ဆိုတယ် "ငါ့မြေးရယ် ... အဘွားကို ကားကြုံခေါ်တင်တာနဲ့တင် ကျေးဇူးတင်နေပါပြီကွယ် ... ဒီအိတ်ကိုတော့ အဘွားဆက်ပြီး ရွက်ထားလိုက်ပါတော့မယ် ... ငါ့မြေးကိုရော ကားကိုရော အားနာစရာပါကွယ်"
တကယ်တော့ အဘွားအိုက သူ့အိတ်ကြီးကို ရွက်ရွက် ထမ်းထမ်း၊ ချထားချထား အတူတူပဲဖြစ်တယ်။ အားနာပြီးတော့ သူတတ်နိုင်တဲ့ အိတ်ကိုထမ်းပြီးလိုက်သွားချင်တယ်၊ ကားဝန်ပေါ့စေမယ်ပေါ့။ ဒီလိုမျိုး ခရစ်ယာန်တွေလည်း ရှိတတ်ကြပါတယ်။ သခင်ယေရှုပြုပေးသော ကျေးဇူးတော်ကလုံလောက်လျှက်ရှိပြီးသားပါ၊ ဒီကယ်တင်ခြင်းက ပြည့်စုံပြီးသားဖြစ်တယ်။ သင့်ဘက်က ဘာတစ်ခုမှ လုပ်ပေးစရာမလိုဘူး၊ ကယ်တင်ခြင်းက ကျေးဇူးတော်ကြောင့်သာဖြစ်သလို သင့်ရဲ့အိတ်ကိုထမ်းထားခြင်းကဲ့သို့ သင့်ရဲ့ လုပ်ဆောင်ချက်ကြောင့် ပြည့်စုံတာမဟုတ်ဘူး၊ သင့်ရဲ့ကူညီလုပ်ဆောင်ပေးခြင်းကြောင့် ကိုယ်တော်လုပ်ပေးရတာ ဝန်ပေါ့တာပေါ့ဆိုတာမျိုး လုံးဝလုံးဝ မဟုတ်ဘူးဆိုတာကိုတော့ နားလည်ဖို့လိုပါတယ်။ ကယ်တင်ခြင်းက သင့်ဘက်က တစ်ခုခုလုပ်ပေးရလို့ ပြည့်စုံတာမျိုး လုံးဝလုံးဝ မဟုတ်ပါဘူး။
နောက်အဖြစ်တစ်ခုကတော့ ... အသိမိတ်ဆွေတစ်ယောက်၏ ပြောစကားလေးကို ပြန်ကြားဖူးပါတယ်။ "ဟာကွာ ငါ့အပြစ်ကို ငါပဲခံမှာပေါ့၊ ဘယ်တရားပါ့မလဲ" တချို့ကလဲ ဒီလို ကိုယ့်အိတ်ကိုယ်ထမ်းချင်ကြပါတယ်။ ဒါပေမယ့် လုပ်နိုင်သလားဆိုတော့လည်း မလုပ်နိုင်ကြပြန်ပါဘူး။ ကိုယ်လဲ မတတ်နိုင်ဘူးဆိုတာကို သိနေသော်ငြားလည်း တင်းခံနေကြခြင်းပေါ့။
တချို့ကလည်း သခင်ယေရှုလုပ်ပေးတယ်ဆိုတာကို လက်မခံပါဘူး။ မဖြစ်နိုင်ဘူးဟု ဆိုကြပါတယ်။ ဘယ်လိုဖြစ်နိုင်မလဲ အပြစ်ကိုကိုယ်စားခံလို့ရမလား၊ သခင်ယေရှု လုပ်ပေးခဲ့တာကို ဘယ်လိုလုပ်ပြီး ငါတို့ကရနိုင်မလဲ မဖြစ်နိုင်ဘူးဟုဆိုတတ်ကြပြန်တယ်။ လောကမှာ လူတွေလက်ခံကြတဲ့အရာလေးတွေကို ကြည့်မယ်ဆိုရင်ဖြင့် လူတစ်ယောက်၏ ကျေးဇူးပြုခြင်းကို လက်ခံကြတယ်။ ကူညီခြင်း၊ ဖေးမခြင်း၊ ငွေရေးကြေးရေ၊ လူမှုရေး စသဖြင့် ပြုပေးခြင်းပေါ့။ ဟုတ်ပြီ ဒါကတော့ သက်ရှိ သက်ရှိခြင်းပြုပေးသော ကျေးဇူးပြုခြင်း၊ မြင်ရသောအရာလို့ဆိုကြပါစို့။
နောက်တစ်ခုကတော့ အသက်ရှင်သောသူမှ သေသောသူအတွက် ရည်စူးသော အလှူအတန်း၊ ကျေးဇူးပြုခြင်း၊ ကုသိုလ်ပြုပေးခြင်း၊ ရက်လယ်၊ လလယ်၊ နှစ်လယ် စသဖြင့် ကျေးဇူးပြုကြတယ်။ မမြင်ရသော သူအပေါ် ကျေးဇူးပြုခြင်းဖြစ်သလို ထိုသူသည် တကယ်ကို ရရှိသွားကြတယ်ဟု ယုံကြည်လက်ခံကြတယ်။ မမြင်ရသောကြောင့် မဖြစ်နိုင်ဘူးဟုမဆိုနိုင်ကာ မမြင်ရသော်လည်းပဲ ဆက်လက်၍ လုပ်ဆောင်သွားကြတယ်။ ကိုရီးယား၊ တရုတ်၊ တချို့မြန်မာတွေသည်လည်း မြေးမြစ်များသည် ဘိုးဘေးတွေကို မမြင်ဖူးကြသော်လည်း ရည်စူးကာလုပ်ဆောင်ကြသလို ဒီဘိုးဘေးများသည် ထိုကျေးဇူးပြုခြင်းကို ရရှိသည်ဟုပင် ဆက်လက်လက်ခံယုံကြည်ကြသည်။ တရုတ်ရိုးရာ ဆိုရင်လည်း အဝတ်တွေမီးရှို့၊ ရွှေစက္ကူ၊ ငွေစက္ကူ၊ အိမ်ပုံစံငယ်လေးတွေ စသဖြင့်မီးရှို့ပေးခြင်းသည် တမလွန်မှ သူရရှိစေခြင်းဟု ယုံကြည်ကြသည်။
ဒါတွေက လူလူချင်း ပြုပေးသော ကျေးဇူးဖြစ်တယ်၊ သေသောသူအတွက် ရှင်ကျန်သောသူမှ ပြုပေးသော ကျေးဇူးလည်းဖြစ်ပါတယ်။ လူလူခြင်းပြုပေးသော ကျေးဇူးကိုတောင် မိတ်ဆွေလက်ခံ ယုံကြည်နိုင်သေးတယ်ဆိုရင် ဘုရားပြုပေးသော ကျေးဇူးတော်ကို လက်မခံနိုင်စရာ ဘာများရှိနေဦးမလဲ။ သေသောသူအတွက် ရှင်ကျန်သူ၏ ကျေးဇူးပြုခြင်းကိုတောင် ဖြစ်နိုင်တယ်ဟု လက်ခံနိုင်မှတော့ လွန်ခဲ့သော နှစ်နှစ်ထောင်ကျော်တွင် သခင်ယေရှုခရစ်တော် ပြုပေးခဲ့သော ကယ်တင်ခြင်းကျေးဇူးတော်သည် သင့်အတွက်ဖြစ်တယ်ဆိုတာကို ဘာလို့လက်မခံနိုင်ရမှာလဲ ဆိုတာကို ပြန်လည်စဥ်းစားကြည့်ပါမိတ်ဆွေ။
ရောမဩဝါဒစာ ၁၀:၉
အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
သေသောသူကိုတောင် လူလူခြင်း ကျေးဇူးပြုပေးနိုင်ကြတယ်လို့ သင်တကယ်ထင်နေရင် သခင်ယေရှုပြုပေးသော ကယ်တင်ခြင်းကို သင်လက်မခံနိုင်ရလောက်အောင် အဘယ်အရာတွေကများ သင့်ကို တားဆီးပိတ်စို့နေသလဲ။ ယုတ္တိတန်၏ မတန်၏ပြောမည်ဆိုရင်လည်း သေသောသူအတွက် လူ၏ ကျေးဇူးပြုခြင်း နှင့် ဘုရား၏ကျေးဇူးပြုခြင်းသည် ဘယ်အရာပို၍ ယုတ္တိတန်မည်နည်း။ နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet