စုံစမ်းနှောက်ယှက်ခြင်း နှင့် ထွက်မြောက်ရာလမ်း

တခါတလေမှာ စုံစမ်းခြင်းတွေကို ခံရတဲ့အခါမှာ စိတ်ပျက်အားငယ်မိကြတယ်။ ပြဿနာတွေကို ကြုံရတိုင်းမှာ စိတ်ပျက်မိတတ်ကြတယ်။ မကြုံချင်ဘူး ဒါပေမယ့် ကြုံရတယ်၊ မဖြစ်ချင်ဘူး ဒါပေမယ့် ဖြစ်လာတယ်၊ မကျော်ဖြတ်ချင်ဘူး ဒါပေမယ့် ကျော်ဖြတ်ရပြန်တယ်။ ဒီစုံစမ်းခြင်းကိုတော့ မခံနိုင်တော့ပါဘူးလို့ ထင်ရလောက်အောင်ကို ခံစားရတဲ့အထိလဲ ဖြစ်ကောင်းဖြစ်မယ် ခံစားမိကောင်း ခံစားရမယ်။
ဒါပေမယ့် မိတ်ဆွေ သေသေခြာခြာ ပြန်လည်စဥ်းစားကြည့်ပါဦး။ "ယနေ့အချိန်ထိ သင်သည် စုံစမ်းနှောက်ယှက်ခြင်း အမျိုးမျိုးကို မကျော်လွန်ခဲ့တာ ရှိပါသလား?"
"ဆန်ရင်း နာနာဖွတ်" နှင့် "ထုလေ မာလေ ငါးဖယ်" ဆိုသော စကားပုံလေးကို သတိရမိပါတယ်။ ငါးဖယ်ကို ထုထောင်းရတယ်၊ ထုထောင်းလေ မာလေ ဖြစ်သလို ပိုစေးတယ် ပိုလုံးလို့ကောင်းသလို စားရတာလဲ ပိုကောင်းတယ်။ အရသာရှိတဲ့ ငါးဖယ်ဟင်းတစ်ခွက် ဖြစ်စေဖို့ရာ ထိုငါးဖယ်ကို ထုထောင်းခြင်းမျိုး နာနာလုပ်ပေးရပါတယ်။
ယောဘကို ကြည့်တဲ့အခါမှာ ဘာအပြစ်တစ်စုံတစ်ရာမှ မရှိပါဘဲနဲ့ စုံစမ်းခြင်းတွေကို ရင်ဆိုင်ရတယ်၊ ထိုအရာတွေကို နာကျဥ်ခံစားခဲ့ရသော်လည်း သူ့အတွက် နောက်ဆုံးမှာတော့ လွတ်မြောက်စေတယ်။ ၂ဆသော ကောင်းကြီးကို ပြန်ခံစားရစေတယ်ဆိုတာကို မြင်တွေ့ရတယ်။
ယောသပ်ကို ကြည့်မယ်ဆိုရင်လဲ အကောင်းကြီး အချစ်ခံနေရာကနေ အရောင်းစားခံရ၊ အဆင်ပြေမယ်ရှိသေးတယ် မတရားစွပ်ဆွဲခံရ၊ စသဖြင့်ကြုံတွေ့ခဲ့ရတယ်။ သို့သော် ထိုသူနှစ်ဦးစလုံးကိုကြည့်မယ်ဆိုရင်လဲ ထိုကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့် နောက်တစ်ဆင့်ကို ရောက်စေခဲ့တာလဲ ဆင်ခြင်စရာတစ်ခုဖြစ်နေပါတော့တယ်။
တစ်နည်းအားဖြင့် ဆိုရမယ်ဆိုရင်ဖြင့် အခက်အခဲပြဿနာ စုံစမ်းနှောက်ယှက်ခြင်းတွေကြောင့် ယုံကြည်ခြင်းကို သာ၍ ပြုစုတယ်၊ ဘုရားသခင်ရဲ့ တတ်နိုင်ခြင်းကို သာ၍ မြင်တွေ့ရတယ်၊ ဘုရားသခင်ကို သာ၍ အားကိုးမိခြင်းတွေကို ဖြစ်စေတယ်ဆိုတာလည်း ငြင်းဆန်လို့မရပါလားခင်ဗျာ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
ရှင်းရှင်းဆိုရမည်ဆိုလျှင် စုံစမ်းခြင်းတွေလာခြင်းသည် သင့်အတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေးဖြစ်တယ်။ စိတ်ပျက်အားငယ်စရာ မဟုတ်ဘဲ ဝမ်းသာစရာတစ်ခုပင်ဖြစ်သည်။ ကျွန်တော်တို့ အတန်းတင် စာမေးပွဲဖြေဆိုရချိန်လိုပင် ထိုဖြေဆိုခြင်း အောင်မြင်လျှင် နောက်နှစ်စာသင်နှစ်မှာ အတန်းသစ်ကို တက်ကြရမည်မဟုတ်ပါလား။
ကျွန်တော်တို့ ယုံကြည်သူတွေသည် ထိုစုံစမ်းနှောက်ယှက်ခြင်းကို ကြောက်နေရန် စိတ်ပျက်အားငယ်နေရန် မဟုတ်ဘဲ ထိုအရာတွေကို ကျော်လွန်နိုင်ရန် ထွက်မြောက်ရာလမ်းကိုလည်း ဘုရားသခင်သည် ကြိုတင်ပြင်ဆင်ထားပါတယ်၊ အောင်မြင်ကျော်လွှား၍ ဝိညာဥ်ရေးရာ LEVEL နောက်တစ်ဆင့်သို့ တက်လှမ်းကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet