ရှိစေတော့
"ထင်းခွေမကြုံရင်၊ ရေခပ်တော့ကြုံမှာပေါ့" ဆိုသည့်စကားအတိုင်း လူ့လောက၏ သဘောတရားသည် အတုန့်အလှည့်ရှိတတ်ကြသည်။ အခွင့်ရလျှင် ရသလို တန်ပြန်တိုက်ခိုက်တတ်ကြသောကြောင့်လည်း "ပေဖြစ်တုန်းတော့ ခံပေါ့၊ တူဖြစ်မှ နှံမည်" ဟုဆိုတတ်ကြပေသည် မဟုတ်ပါလား။
"မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့ အလှည့်ကျရင်တော့ မနွဲ့စတမ်းပေါ့" ဟုဆိုတတ်သည့် လောကကြီးသည် သူတပါး၏ အပြစ်ကိုလက်ညှိုးထိုးကြစတမ်းပါဘဲ။ ထိုအပြင် ကလဲ့စားချေတတ်ကြသည်မှာလည်း အားလုံးလည်းသတိပြုမိနိုင်မည်ဖြစ်ပေသည်။
လူငယ်တစ်ယောက်ကို သူ၏အကိုဖြစ်သူများမှ အခြားတိုင်းပြည်သို့ ကျွန်အဖြစ်ရောင်းစားခဲ့ဖူးသည်။ အနေဆင်းရဲ အစားဆင်းရဲဖြစ်ခဲ့ရကာ ရပ်ဝေးဖြစ်သည့် မိဘနှင့်ဝေးရာတွင် နေထိုင်ခဲ့ရပေသည်။ သူ၏ အမည်မှာတော့ "ယောသပ်" ပင်။
ကျွန်အဖြစ် ရောင်းစားခံခဲ့ရလို့ အတော်ပင်ပန်းခဲ့ရသည်။ အခြေအနေလေးကောင်းလို့ အိမ်တော်ထိန်းအဖြစ်နေရသည်ကိုပင် မတရားစွပ်ဆွဲခံရသောကြောင့် ထောင်ကျရပြန်။ ထောင်ထဲတွင်လည်း ဒုက္ခဆင်းရဲခံရမှာဖြစ်သလို အနေအထိုင်လည်း ခက်ခဲပေဦးမည် မဟုတ်ပါလား။
နေပူပူအောက်တွင် စပျစ်သီးနယ်ပြီးသည်နှင့် တပြိုင်နက် စပါးထောင်းကာ ချွေးအပြိုက်ပြိုက်ကျနေသဖြင့် ရေတစ်ငုံသောက်ရင်း ကျောသို့ကျရောက်လာသည့် အပူဒဏ်နှင့် ကျွန်ထိန်း၏ ကြာပွတ်ဒဏ်ကို ကြံ့ကြံ့ခံလာသော ခန္ဓါကိုယ်သည် အေးချမ်းလှသည့် ဆောင်းည၏ ထောင်တွင်း အအေးဒဏ်ကို သိပ်ခံနိုင်ရည်မရှိသောကြောင့် ခပ်ပါးပါး မြက်ဖြာကိုခြုံလျှက် အေးအေးနှင့် ကွေးကာ လူးလိမ့်နေသည့် ယောသပ်ကို မြင်ယောင်ကြည့်နိုင်ပေသည်။
ညစဥ်ညတိုင်း ထောင်တွင်းမှ အအေးဒဏ်ကို အလူးအလဲခံရင်းနှင့် မနှစ်မြို့စရာ ကျွန်ဘဝမှ ဖြစ်ရပ်များသည်လည်း မဖိတ်ခေါ်ဘဲ ယောသပ်၏ အိပ်မက်ထဲသို့ ရောက်ရောက်လာတတ်သကဲ့သို့ စဥ်းစားကြည့်တိုင်း အသဲနာစရာ ရင်နင့်စရာဖြစ်ရပ်သည် အကိုများနှင့် နောက်ဆုံးမြင်ကွင်းပင်ဖြစ်ပေတော့မည်။ အိပ်မက်ဆိုးများကြောင့် လန့်လန့်နိုးခဲ့ရသည့် နေရက်များသည် လက်ချိုးရေတွက်နိုင်ပါဦးမည်လော။
သူခံစားခဲ့ရသည့် ပြဿနာများ၏ အရင်းအမြစ်ကို လိုက်ကြည့်လျှင် အကိုဖြစ်သူများ၏ လုပ်ရပ်ပင်ဖြစ်မည်ဟု ယောသပ်ကောင်းကောင်းနားလည်သည်။ သို့သော်လည်း ကလဲ့စားချေရန် မစဥ်းစား။ "ထင်းခွေမကြုံပေမယ့် အစာရှားပါးသည့်အချိန်မှာတော့ ရေခပ်ကြုံပြီ" ဟုမတွေးထားခဲ့ပေ။ "အခုမှ ငါ့အလှည့်ကွ ကောင်းကောင်းထုပြီ" ဆိုလျှင်လည်း အကိုဖြစ်သူများကို အစပင်ပြန်ရှာ၍ရနိုင်မည်မဟုတ်ပေ။
ကမ္ဘာဦးကျမ်း ၄၅:၅
သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှါ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
အဆင့်အတန်း၊ အခြေအနေတို့မှာ အတော်ပင်ကွာခြားသွားခဲ့ပြီဖြစ်သော်လည်း ရှိတော့ဟု ထားတတ်သည့်စိတ်ကလေးမှာ အတုယူစရာအဖြစ်မြင်တွေ့ရသည်။ ဘုရားသခင်သည် သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်ပြီဟုဆိုသည်မှာလည်း မှန်ပေသည်။ ထို့ကြောင့် ယောသပ်မြင်သည့်အမြင်မှာ နာကျင်စရာအတိတ်နှင့် ဖြတ်သန်းခဲ့ရသည့် ခက်ခဲခြင်းတွေကိုမဟုတ်ခဲ့ပါ။ အကိုတို့၏ရောင်းစားခဲ့ခြင်း၊ ကျွန်ဘဝမှ မတရားစွပ်စွဲခံရခြင်း၊ ထောင်ကျခြင်း တို့သာမရှိခဲ့လျှင် ယခုကြုံရသည့် အစာခေါင်းပါးခြင်း အခက်အခဲကိုဖြေရှင်းခွင့်ရှိမည်မဟုတ်ဟုသာမြင်သည်။ ထို့ကြောင့်လည်း အကိုတို့ စိတ်မကောင်းမဖြစ်ပါနဲ့၊ ကိုယ့်ကိုကိုယ်လည်း စိတ်မဆိုးကြပါနဲ့၊ ဘုရားသခင်က ဒီအစာခေါင်းပါးခြင်း အခက်အခဲထဲကနေ လူတွေကိုကယ်တင်စေဖို့အတွက် သင်တို့အရှေ့မှာ ငါ့ကို စေလွှတ်ခဲ့တာပါဟုဆိုနိုင်ခြင်းပင်ဖြစ်သည် မဟုတ်ပါလား။
ကျွန်ုပ်တို့ ယုံကြည်သူတွေကလည်း ခက်ခဲခြင်းတွေ၊ နာကျင်ခြင်းတွေ၊ အတိတ်ရဲ့ အိပ်မက်ဆိုးတွေ၊ ပြဿနာအခက်အခဲတွေကိုသာ ကြည့်ရင်း ငိုကြွေးပြီးရင် ငိုကြွေးနေမိပါသလား။ သို့မဟုတ် လက်ညှိုးထိုး အပြစ်တင်နေမိပါသလား။ ခွင့်မလွှတ်နိုင်လောက်အောင် နာကျင်နေရတုန်းလား။ ယောသပ်ကတော့ ရှိတဲ့နေရာ၊ ဖြစ်တဲ့အရာတွေကို ကောင်းစွာနားလည်ထားတယ်။ အကြောင်းမရှိဘဲမဖြစ်ဘူး၊ တိုက်ဆိုင်မှုမရှိဘူးဆိုတာကို နားလည်တတ်သူလည်းဖြစ်သည်။ ကျွန်ုပ်တို့ကရော မည်သည့်ချည်နှောင်ခြင်းတွေကို "ရှိစေတော့" ဟုဆိုရန် လိုအပ်နေပါသနည်း။ ယနေ့မှာ နာကျင်ရခြင်းတွေ၊ အတိတ်ဆိုးတွေ၊ ငိုကြွေးခြင်းတွေ၊ မတရားစွပ်စွဲခံရခြင်းတွေ၊ စသဖြင့် သင်နှင့်ကျွန်ုပ်ရဲ့ ချည်နှောင်ခြင်းတွေကနေ လွတ်မြောက်စေဖို့ရန်ဖြစ်ပါတယ်။ ဒါ့ကြောင့် အပြစ်တင် နာကျင်ငိုကြွေးနေမည့်အစား "ရှိပါစေတော့" ဟုသာ .....
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet