စင်ကြယ်သောဩဝါဒတွေကိုသာနားထောင်ပါ

ယခုကာခေတ်ကာလမှာ ဩဝါဒပေါင်းများစွာ၊ အဖွဲ့အစည်းပေါင်းများစွာ၊ စသဖြင့် ပေါ်ပေါက်ရာကာလ ဖြစ်နေသည်ကို သတိထားကြည့်လျှင် သိနိုင်ပါသည်။ ထိုအထဲမှာမှ စစ်မှန်သော ဩဝါဒဘယ်လောက်ပါမည်နည်း၊ စစ်မှန်တဲ့ အဖွဲ့အစည်းဘယ်လောက်ရှိမည်နည်း၊ ဟိုလိုလို ဒီလိုလိုရော ဘယ်လောက်များများ ရှိနေမလဲဆိုတာကတော့ သတိထားစရာဖြစ်နေပါတယ်။ ယခုဆိုလျှင် Internet ရှိရုံနှင့် မည်သည့် ဩဝါဒမဆို Facebook တွင်နားထောင်နိုင်ပါတယ်ဆိုတာကို နားလည်ရတယ်၊ တချို့ကလည်း နာမည် အမျိုးမျိုးနှင့် တစ်ခုပြီးတစ်ခုလုပ်ကြတယ်၊ အမျိုးမျိုးသော ကျမ်းစာထဲမှအမည်တွေကိုသုံးတာမျိုးတွေ၊ လူတွေကို ဆွဲဆောင်ခြင်း အမျိုးမျိုးနှင့် သွေးဆောင်ကြပြန်ပါတယ်။ ကျွန်တော်တို့ကတော့ ပိုင်းခြားနားလည်တတ်ရပေမည်။
ထိုသို့သောအရာများကို သတိပြုရန်နှင့် သွန်သင်ရန်၊ အပြစ်ကိုဖော်ပြရန်၊ စင်ကြယ်သော ဩဝါဒကိုသာ ဟောပြောရန် ရှင်ပေါလုမသေမီတွင် တိမောသေထံသို့ စာရေး၍မှာသည်ကို မြင်တွေ့ရသည်။ လူတွေသည် ကြားကောင်းသောစကားသာခံယူချင်သည်၊ အပြစ်ကိုဖော်ပြလျှင် မကြိုက်တတ် မခံယူတတ်၊ ကျန်းမာချမ်းသာကိုသာနှစ်သက်သည်၊ မိန်းမအိုပြောသော ဒဏ္ဏာရီစကားကဲ့သို့ အချိုကိုသာ မြိန်မြိန်စားချင်ကြသည်ကို နားလည်ရသည်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၃
အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
ဟုတ်ပါတယ် စင်ကြယ်သောဩဝါဒတွေကို နာခံနိုင်ခြင်းမရှိ၊ သမ္မာတရားကို ကြားရလျှင်ပင် တီကောင်ဆားပက်သကဲ့သို့ တွန့်တွန့်လူးကာ ရေထိသော တစ်ရှူးစကဲ့သို့ ပျောက်ပျောက်သွားတတ်ကြသည်။ ( ဥပမာ အပြစ်ကိုဖော်ပြခြင်း၊ ဩဝါဒအလွဲကိုထောက်ပြခြင်း )။ ဒီလိုဖော်ပြဖို့သည် ယုံကြည်သူတို့ရဲ့ တာဝန်ပင်ဖြစ်သည်။ အချို့ကတော့ ထိုအရာကို နားမခံနိုင်၊ ထောက်ပြသူသည်ပင်လျှင် ကယ်တင်ခြင်းမရသူဟုပေါက်တတ်ကရပြောတတ်ကြသေးသည်။ သူတပါးကိုစီရင်သည်ဟု တလွဲယူဆတတ်တယ်ဆိုတာကို နားလည်ရတယ်၊ စီရင်ခြင်းနှင့် အပြစ်ကိုဖော်ပြခြင်း အမှားကိုထောက်ပြခြင်း၊ ဩဝါဒအလွဲကို ဖော်ပြခြင်း၊ စသဖြင့်ကို ကွဲကွဲပြားပြား နားမလည်လို့ဖြစ်တယ်။ အထူးသဖြင့် နို့သောက်တဲ့အရွယ်ဖြစ်နေသေး၍ ကြေခဲသောအစာကို မစားနိုင်ခြင်းဖြစ်သည်ဟု ယူဆလို့ ရနိုင်မယ်ထင်ပါတယ်။
မိမိ၏အလိုကျသော ဩဝါဒတွေကိုသာ ကြားချင်သည်။ ယားတတ်သောနားဟု ဆိုသကဲ့သို့ပင် ဘုရားသား ကျန်းမာရမယ် ချမ်းသာရမယ် အောင်မြင်ရမယ်ဆိုသော စကားတွေကိုသာ ခံယူချင်သည်။ အပြစ်ကိုအပြစ်ဟုပင် မထင်တတ်ကာ အပြစ်ပြုခြင်း၌ပင် ကျေးဇူးတော်ချီးမွမ်း၍ ဆက်လွန်ကျူးတတ်ကြကာ၊ အပြစ်ကိုနောင်တရ၍ ဝန်ချတောင်းပန်ခြင်းကို ကျမ်းစာကိုတလွဲယူကာ ထိုအချက်မလိုပါဟု ဆိုကြသည်အထိကို မိမိ၏တပ်မက်ခြင်းနောက်လိုက်တတ်ကြပေသည်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၄
သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
ဒါ့ကြောင့် လက်ရှိကျွန်တော်တို့၏ ကာလအချိန်အခါနှင့် တိုင်းတာ၍ ချိန်ထိုးရမည်ဆိုလျှင်တော့ Internet ပေါတွင် တွေ့သမျှ မြင်မြင်သမျှသော Pages တိုင်း၊ တရားဟောချက်တိုင်း၊ နာမည်ကြီးတိုင်း၊ နားထောင်ကောင်းတိုင်း၊ နမိတ်လက္ခဏာတွေမြင်ရတိုင်း၊ ကျန်းမာချမ်းသာပြောတိုင်း၊ အပြစ်ကို ဝန်ချစရာမလိုဟုဆိုတိုင်း၊ အဖွဲ့အစည်းကြီးတိုင်း၊ (မြန်မာပြည်၊ ကိုရီးယား၊ တရုတ်၊ နိုင်ငံရပ်ခြား) ဘယ်ကပင်ဖြစ်စေ သတိထားသင့်သည်။ စင်ကြယ်သော စစ်မှန်သော ဩဝါဒဟုတ်မဟုတ်ကိုတော့ ခွဲခြားရမည် ပိုင်းခြားနားလည်ရမည်။ စစ်မှန်သော သမ္မာတရားစကားမဟုတ်ဘဲ အရောအနှောတွေကို ကြားသမျှ မြင်သမျှခံယူရင်တော့ တစ်နေ့နေ့တွင် လမ်းလွဲသွားနိုင်သည်ကို နားလည်ရသည်။ ဒါ့ကြောင့် တိမောသေကို ရှင်ပေါလုမှာထားခဲ့သော တာဝန်များကို ကျွန်တော်တို့ယုံကြည်သူတိုင်းဆင်ခြင်ဖို့ဖြစ်တယ်၊
ဒဏ္ဏာရီစကားနှင့်မိမိတပ်မက်ခြင်းတွေကိုသာ ပြောသော ဆရာတွေကိုရှောင်တတ်ကြဖို့ ပိုင်းခြားနားလည်စေဖို့ရာ အရေးကြီးတယ်ဆိုတာကို အနည်းငယ်ဝေမျှလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet