January 15, 2025

လက်နက်စုံတပ်ဆင်ပါ

Facebook သုံး​နေရင်းနှင့် ရုတ်တရက် အမှတ်မထင် Post တစ်ခုကို​တွေ့မိခဲ့သည်။ ထိုအရာကိုကြည့်ရင်း အံ့ဩသွားခဲ့ရသည်။ အဘယ့်​ကြောင့်ဆို​သော် စာတန်အား ကိုးကွယ်ရန် ဖိတ်​ခေါ်​သော အရာဖြစ်​နေ​သော​ကြောင့်ပင်ဖြစ်သည်။ စာတန်အား ​ဆု​တောင်းချက်တင်နိုင်ပြီး ထိုဆု​တောင်းပြည့်​စေရန် ရှစ်ဆယ်ရာခိုင်နှုန်း​သေခြာသည်ဟုပင် ဆိုထား​သေးသည်။ 

တကယ်​တော့ ထိုအရာသည် လူ၏ ​လောဘစိတ်၊ အလိုရမက်များကို ဆာ​လောင်​စေပြီး ​အောင်မြင်ခြင်း၊ နာမည်ကြီးခြင်း၊ အလိုပြည့်စုံ​စေခြင်းစသဖြင့် စွဲ​ဆောင်ကာ လမ်းမှားသို့ပို့​ဆောင်ခြင်းတစ်မျိုးပင်ဖြစ်သည်။ တနည်းဆိုရ​သော် ငရဲမီးအိုင်တွင် စာတန်နှင့်အတူ ထာဝရကာလ​နေထိုင်ရမည့် လမ်းလွဲခြင်းမျိုးဟုပင်ဆိုရ​ပေဦး​တော့မည်။ "ငါသိပါတယ် ဒါ​ပေမယ့် တစ်ခါ​လောက်​တော့ စမ်းကြည့်လိုက်မယ်" လို့စဥ်းစား​နေမိရင်​တော့ မလုပ်ဖို့ရာ အကြံပြုပါရ​စေ။ အဘယ့်​ကြောင့်ဆို​သော် ထိုအရာများ၏ ​နောက်ကွယ်တွင် ​မှောင်မိုက်တန်ခိုးများရှိ​နေ​သော​ကြောင့် ပြန်လှည့်ထွက်ရန် အင်မတန်မှ ခဲယဥ်းလှသည်။ ဒါ့​ကြောင့်လည်း ထိုသို့​သော အရာများကို ​မစမ်းသပ်ကြည့်သင့်ပါ။ ဒီအရာသည် ကျိန်ခြင်းခံအပ်​သောအရာ၊ မထိအပ် မကိုင်အပ်​သောအရာ၊ ဂရိလို "Anathema" အန​သေမာသင့်သည်ဟုပင် ဆိုရနိုင်ဖွယ်ရှိသည်။ 

စာတန်သည်​ ပေးပိုင်ခွင့်ရှိသလားဟု​ မေးရင်​တော့ 'Yes' ဟုသာဆိုရမည်ဖြစ်သည်။ ဟုတ်ပါတယ် သူ့မှာ​ပေးပိုင်ခွင့်ရှိပါတယ်။ ဒီ​လောကကြီးတစ်ခုလုံးသည်လည်း သူ့လက်ထဲတွင်ရှိသည်။ ​ဒါ့​ကြောင့် လျှော့​တော့မတွက်​စေချင်။ ​သခင်ယေရှုခရစ်​တော်ကို စုံစမ်း​သွေး​ဆောင်ရာတွင်လည်း မြင်နိုင်​သော ဘုန်းစည်းစိမ်၊ တိုင်းနိုင်ငံတို့ကိုပြ၍ ပြပ်ဝတ်ကိုးကွယ်​စေရန် ​သွေး​ဆောင်ခဲ့သည်။ 

ရှင်မဿဲခရစ်ဝင် ၄:၈-၉
တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊
ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ 

စာတန်သည် ​လောကကိုပိုင်​သော်လည်း ဘုရားသခင်အခွင့်မရှိရင် ယုံကြည်သူတစ်ဦး၏ ဆံချည်မျှင်တစ်ပင်ကိုမျှ ထိခွင့်မရခြင်းကို ​ယောဘဝတ္ထုကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ စုံစမ်း​သွေး​ဆောင်ခြင်းသည် မိမိ၏ မသိစိတ်၊ ​လောဘ၊ ဇာတိ၊ မနာလိုခြင်း၊ အ​သွေးအသား​တောင့်တမှု စသဖြင့်​တွေမှ တဆင့်လည်း ဝင်​ရောက်လာတတ်​သည်ကို သတိပြုရမည်။ ထိုသို့​သော ​သွေး​ဆောင်ခြင်း​တွေကို တားဆီးကာသတ်နိုင်ဖို့ရန် ဘုရားသခင်ပြင်ဆင်​သော လက်နက်စုံဖြစ်​သော သစ္စာတည်းဟူ​သော ခါးပန်း၊ ​ဖြောင့်မတ်ခြင်းပါရမီတည်းဟူ​သော ရင်အုပ်တန်ဆာ၊ ငြိမ်သက်ခြင်းနှင့် ယှဥ်​သော ဧဝံ​ဂေလိတရားကို ​ဟော​ပြောအံ့​သောငှာ ပြင်ဆင်​သော ​ခြေစွတ်၊ မာရ်နတ်ပြစ်ခတ်​သော မီးစက်လက်နက်ကို ကာသတ်နိုင်​သော ယုံကြည်ခြင်းတည်းဟူ​သော လွှား၊ ကယ်တင်ခြင်းတည်းဟူ​သော သံခ​မောက်လုံး၊ ဘုရားသခင်၏ နှုတ်ကပတ်​တော်တည်းဟူ​သော ဝိညာဥ်​တော်၏ ဓါး၊ စသဖြင့်​သော လက်နက်စုံကို ယူတင်ဝတ်​ဆောင်လျှက် ကာလအစဥ်စိတ်နှလုံးပါ​သော ဆု​တောင်းခြင်းဖြင့် ပြင်ဆင်ကြရမည်။ 

မိမိ၏ အ​သွေးအသားဆာ​လောင်မှု၊ လိုချင်မက်​မောခြင်း​၊ ​အောင်မြင်ချင်စိတ်၊ အလိုရမက်​တွေကို အသုံးချ၍ ​မိမိအလိုပြည့်စုံမည်ဟုဆိုတိုင်း စာတန်အား ကိုးကွယ်ရန်ဖိတ်​ခေါ်ခြင်းမျိုး​နောက်သို့ မလိုက်မိ​စေဖို့ရန် သမ္မာသတိရှိကြဖို့အင်မတန် အ​ရေးကြီးပါတယ်။ ထို​နောက်လိုက်မိ၍ မိမိသည် နာမည်ကြီးသွားတယ်၊ အလို​တွေပြည့်စုံသွားရတယ်ဟု ဆို​စေဦး​တော့ ဒီဘဝသည်မျှပင်ဖြစ်ပြီး ထာဝရကာလတွင်မူ စာတန်နှင့်အတူ ငရဲမီးအိုင်တွင် ရတနာစိန်ကျောက် ဇယ်​တောက်တမ်းကစား​နေရရင် တန်ရဲ့လားဟု စဥ်းစားကြည့်ပါ။ ဒါ့​ကြောင့် ချီးမွမ်းကိုးကွယ်ထိုက်​သော ဘုရားသခင်တစ်ဆူတည်းရှိသည်ကို သိမှတ်ပါ၊ သတိရပါ၊ ကိုးကွယ်ခြင်းကို အလဲအလှယ်လုပ်ခွင့်ရ​သော အ​ပေါင်ဆိုင်ကဲ့သို့ မမှတ်ယူဖို့ရန် သတိ​ပေးရင်း တစ်ဆူတည်း​သော ဘုရားသခင်ကိုသာ နာမ်ဝိညာဥ်နှင့်၎င်း၊ သစ္စာနှင့်၎င်းကိုးကွယ်ကြပါစို့ဟု အနည်းငယ်တိုက်တွန်း ​​ဝေမျှလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next