January 14, 2025

The Instructions

မျက်နှာသစ်ပြီး အခန်းထဲသို့အဝင် အသံတခုကြားလိုက်မိ၍ နားစွင့်​နေမိသည်။ ထိုအရာသည် ဆရာဝန်တဦး၏ အသံဖြစ်​ချေမည်။ ဖုန်းမှ ထွက်​သော အသံဖြစ်၍ ​သေချာသည်မှာ​တော့ မိမိအ​ဒေါ်နား​ထောင်​နေခြင်းဖြစ်ရမည်ဟု ​ကောက်ချက်ချလိုက်မိသည့် အတိုင်းပင် ဟုတ်​နေပါသည်။ နား​ထောင်ကြည့်လိုက်​တော့ ​ဆေး​သောက်ခြင်းအတွက် ​ပြောပြနေခြင်းပင်ဖြစ်သည်။ 

အကိုက်အကဲ​ပျောက်​ဆေး၊ ပါရာစီတ​မောတို့ စသဖြင့်ကို အစာမရှိဘဲ မ​သောက်သင့်​ကြောင်း၊ အစာမစားခင်​သောက်လျှင် အစာအိမ်ထိခိုက်နိုင်သည့်အ​တွက်​ကြောင့် အစာစားပြီးမှ​သောက်ရန်​ပြော​နေကာ၊ အစာအိမ်​ဆေးမျိုးကို​တော့ အစာမရှိခင်​သောက်ရမည့်အ​ကြောင်း၊ အစာမစားခင် နာရီဝက်အလို​လောက်တွင် ​သောက်ခြင်းဖြင့် ​ဆေးအာနိသင်အပြည့်ရှိနိုင်​ကြောင်း ပိုမိုထိ​ရောက်​ကြောင်းကို ​ပြောပြ​နေခြင်းဖြစ်သည်။ 

ထိုအရာသည် ​ဆရာဝန်၏ ​ဆေး​သောက်ခြင်းလမ်းညွှန်ဖြစ်သည်။ ယ​နေ့တွင် ကျွန်​တော် ပါဝါဘန့်တခုဝယ်လာရာတွင်လည်း အသုံးပြုပုံ လမ်းညွှန် (Instructions) ပါလာသည်။ ထို့အတူ ဖုန်း၊ တီဗီ၊ ထမင်း​ပေါင်းအိုး၊ မီးပူ စသဖြင့် မည်သည့်အရာမျိုးမှာမဆို လမ်းညွှန်ချက်ဆိုတာရှိကြသည်မဟုတ်ပါလား။ ကျွန်ုပ်တို့ခရစ်ယာန်များကို ​ဤလောကတွင် ဖြစ်သလို​နေရန်၊ ပြဿနာကို ကြုံသလို​ဖြေရှင်းရန်၊ ခိုကိုးရာမဲ့စွာ ပစ်ထားခြင်းမဟုတ်သည်ကို နားလည်ဖို့ရန်ရှိပါသည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များအတွက်လည်း လမ်းညွှန်ချက်ဆိုတာ ရှိသည်ကို ​မေ့မထားသင့်​ပေ။ အဘယ်သို့​နေထိုင်ရမည်နည်း၊ အဘယ်သို့ ​ပြောဆိုရမည်နည်း၊ အဘယ်သို့အသက်တာကိုပြင်ဆင်ရမည်နည်း၊ စသဖြင့် အဘယ်သို့ အဘယ်သို့​ပေါင်းများစွာ၏ လမ်းညွှန်ချက် (Instructions) သည် သမ္မာကျမ်းစာတွင် ​ဖော်ပြ​ပေးထားသည်မဟုတ်ပါလား။ သမ္မာကျမ်းစာတစ်အုပ်လုံးသည် ကိုယ်လိုရာစွဲ၍ လက်တလုံးကြားသုံးရန်မဟုတ်သလို လိုသုံးကျမ်းချက်လုပ်ရန်မဟုတ်ပါ။ ​​အောင်မြင်​ရေးလမ်းညွှန်မဟုတ်သလို၊ သူတပါးအား စီရင်ခြင်းစာအုပ်မဟုတ်​ပေ။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရင်းနှင့် ယေရှုခရစ်​တော် ဘယ်လို သွန်သင်ခဲ့သလဲ၊ နှိုမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ အသင်း​တော်၊ စည်းလုံးခြင်း၊ ခရစ်ယာန်အသက်တာ စသဖြင့်​တွေကို သတိရမိ​စေရန်လည်းလိုအပ်သည်။ ကျမ်းညွှန်း (သမ္မာကျမ်းစာ) 

ယ​နေ့ ကျွန်ုပ်တို့ မသိ၍ မဖတ်၍၊ မလိုက်​လျှောက်၍သာ နှုတ်ကပတ်​တော်ကို လက်တလုံးကြားလုပ်ခြင်းခံ​နေရခြင်းများဖြစ်တတ်သည်။ မှားယွင်း​သောဩဝါဒဆိုတာ ဒီလိုပါ၊ ဒါ​တွေကို​တော့ ​ရှင်ပေါလုဘယ်လို​ပြောတယ်၊ ဘယ်လို သ​ဘောထားရမယ် စသဖြင့်ကို မဖတ်ထား မသိထား​တော့ အလိမ်အညာခံရရုံသာမက​သေးဘဲ ​အလွဲ​တွေကို သတိ​ပေးဖော်ပြ​သောဆရာသမားကိုပါ အမြင်​စောင်း အထင်လွဲကာ ​​စော်ကားမိခြင်းလည်း ဖြစ်တတ်ကြ​ပေသည်။ 

ကျွန်ုပ်တို့ဘဝမှာ စိတ်ဓါတ်ကျ အားငယ်မိတဲ့အချိန်ဆိုတာလည်းရှိတတ်ကြသည်။ သမ္မာကျမ်းစာထဲတွင်လည်း စိတ်ဓါတ်ကျ​နေသူ​တွေ၊ အားငယ်​နေသူ​တွေ၊ ကိုယ့်ကိုကိုယ် အသုံးမရ​တော့ဘူးလို့ ထင်​နေသူ​တွေများစွာရှိပါတယ်။ ဒါကို သိဖို့ရန်လိုအပ်သလို ဒီလူ​တွေ​​ရော ဘယ်လို​ရှေ့ဆက်ကြသလဲ၊ ဒီလူ​တွေ ဘယ်လိုအားယူကြသလဲ၊ ဘာ့​ကြောင့်လဲ စသဖြင့်ကို သိလျှင် ကျွန်ုပ်တို့အသက်တာအတွက် အင်မတန် အကျိုးရှိမည်မဟုတ်ပါလား။ 

အခက်အခဲ​တွေ၊ ပင်ပန်းဆင်းရဲချိန်၊ မတရားစွပ်စွဲခံရခြင်း​​တွေ စသဖြင့်​တွေကို ရှင်​ပေါလု ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ ဘုရားသားဖြစ်တိုင်း ကျန်းမာချမ်းသာ​အောင်မြင်ကြီးပွားရမည်လားဆိုတာ​တွေရဲ့ အ​ဖြေကိုတွေ့နိုင်မှာသည်လည်း သမ္မာကျမ်းစာထဲမှာပင်ဖြစ်သည်။ 

နာမ​တော်တခုနှင့် နိုင်ငံ​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး စသဖြင့်ကို ​အော်ဟစ်သိမ်းပိုက်ခြင်းသည် သမ္မာတရားနှင့်ညီသလား၊ မိမိဆန္ဒ စိတ်ခံစားချက်အတိုင်း ​လျှောက်​ပြော၍ ပ​ရောဖက်ပြုခြင်းမျိုးသည် သမ္မာတရားနှင့်ညီသလား၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ပ​ရောဖက်တို့သည် မှားယွင်းစွာ ​ဖော်ပြကြသလား၊ ဆယ်ဖို့တဖို့ ထည့်ရန်မလိုဟုဆိုခြင်းမျိုးသည် သမ္မာတရားနှင့်ညီသလား စသဖြင့်တို့၏ အ​ဖြေသည်လည်း သမ္မာကျမ်းစာတွင်ရှိ​ချေသည်။ 

ကျမ်းစာမဖတ်သည့် ခရစ်ယာန်သည် အ​ရောင်းပြခန်းတွင်ပြထားသည့် ကားတစီးလိုပင် "ဟိုလူတက်ကြည့်လိုက်၊ ဒီလူလာကိုင်လိုက်၊ ဟိုလူစက်နှိုးလိုက်၊ ဒီလူတက်ကလိလိုက်" စသဖြင့် လုပ်ခွင့်ရှိ​နေတတ်သလို "ဟိုမှိုင်းလည်းမိ၊ ဒီမှိုင်းလည်းမိ" ဖြစ်​လောက်​အောင်ကိုပင် ပိုင်းခြားနားလည်နိုင်စွမ်းမရှိတတ်​ပေ။ ထို့​ကြောင့် မိမိတို့ ခရစ်ယာန်အသက်တာသည် သမ္မာတရားကို ပိုင်းခြားနားလည်​စေရန် ​ဗေရိမြို့သားများကဲ့သို့ နှုတ်ကပတ်​တော်ကို ​စေ့​စေ့ဖတ်ရှုဆင်ခြင် နှလုံးသွင်းဖို့ရန်လိုအပ်​သော​ကြောင့် မိမိတို့၏ "Instructions" သည် သမ္မာကျမ်းစာလား၊ လူပုဂ္ဂိုလ်လား၊ ဂိုဏ်းကဏလား၊ ​လောကအရာလား၊ ဇာတိစိတ်ဆန္ဒလား ဆိုတာကို ​ဝေခွဲကာ ​ဆင်ခြင်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next