သင့်အတွက်
ယခုဆိုရင် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးသော လ လည်းဖြစ်ပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလရဲ့ ခရစ်စမတ်ရာသီကို ရောက်ရှိလာခဲ့ပါပြီ။ ယခုကာလတွင် အိမ်များ ဘုရားကျောင်းများတွင် အလှအပဆင်ခြင်း၊ ထင်းရှူးပင်များကို အလှဆင်ခြင်း၊ မီးရောင်စုံများပြင်ဆင်ကာ လှပနေကြတာကိုလည်း မြင်တွေ့နိုင်ပါသည်။
Season's Greeting လို့ခေါ်သော နှုတ်ခွန်းဆက်ခြင်းများကို လုပ်ငန်းခွင်များ၏ Email ပို့ရာတွင်လည်း "Merry Christmas and Happy New Year" ဟုပါရှိသော ရုပ်ပုံများကို အသုံးပြုတတ်ကြသော ကာလတစ်ခုဆိုရင်လည်း မမှားချေ။
ဟော်တယ်များ၊ စားသောက်ဆိုင်များ၊ ကုန်တိုက်များတွင်လည်း ပြင်ဆင်ကာ ဧည့်သည်များကို ဆွဲဆောင်ကြခြင်း၊ ခရစ်စမတ်သီချင်းများကိုဖွင့်ကာ ကြိုဆိုကြခြင်း၊ လက်ဆောင်များ ပြင်ဆင်ခြင်း စသဖြင့် အလုပ်ရှုပ်နေကြရာ ကာလတစ်ခုဟုဆိုကြရပေမပေါ့။
ထိုအရာများကို လုပ်ဆောင်နေကြသောသူတိုင်းသည် ခရစ်ယာန်များမဟုတ်ကြပါ။ အချို့မှာလည်း စီးပွားရေးအရပြင်ဆင်ဆွဲဆောင်ခြင်း၊ အချို့မှာ သူများလုပ်၍ လိုက်ပြင်ဆင်ခြင်း၊ အချို့ကလည်း ပွဲခံရာကာလဟုမြင်ခြင်း၊ အချို့ကတော့ ခရစ်ယာန်များ မူးရာကာလဟုလည်း မြင်ကောင်းမြင်နိုင်ပေသည်။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
ချစ်သော မိတ်ဆွေ ခရစ်စမတ်သည် သင့်အကျိုးအတွက်ဖြစ်တယ်ဟု သင်လက်ခံ၍ သင့်လုပ်ငန်း၊ သင့်ဟိုတယ်၊ သင့်အိမ်၊ သင့်စားသောက်ဆိုင်၊ သင့်ရဲ့အရာရာကို ပြင်ဆင်နေသလို သခင်ယေရှုခရစ်တော်၏ ကယ်တင်ခြင်းသည် သင့်ရဲ့ ယခုဘဝ နောင်ဘဝ အတွက်ဖြစ်ပါတယ်။ သင်၏ တမလွန်အတွက်ဖြစ်ပါတယ် မိတ်ဆွေ။ ထိုသခင်သည် ဤကမ္ဘာသူ ကမ္ဘာသားများ မည်သို့ပင် ကျင့်ကြံလုပ်ဆောင်နေကြပါသော်လည်း အပ္ပါယ်လားရာလမ်းမှ မလွတ်မြောက်နိုင်သည်ကို သိသောကြောင့် အကျွတ်တရားလမ်းကို ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ချေသည်။
ဒါ့ကြောင့် ခရစ်စမတ်သည် သင့်အတွက်ဖြစ်သလို သခင်ယေရှုခရစ်တော်သည်လည်း သင့်အတွက်ဖြစ်သည်။ ထို့အပြင် ထိုသခင်နှင့် အတူရှိသော အသက်သည်လည်း သင့်အတွင်ပင်ဖြစ်ပေသည်။ သင်သည် ယခုတွင် ခရစ်စမတ်ကို ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်နေသကဲ့သို့ သင့်ဘဝအသက်တာထဲတွင် ထိုသခင်ကို ခေါ်ဖိတ်လက်ခံဖို့ရာလည်း သတင်းကောင်းလေးပါးချင်ပါတယ်။ ယခုခရစ်စမတ်ကာလသည် သင့်အတွက်၊ သင့်မိသားစုအတွက်၊ သင့်ပတ်ဝန်းကျင်အတွက် ကယ်တင်ခြင်းခံစားရာကာလ ဖြစ်ပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet