ဝမ်းနည်းခြင်းအကြောင်း ရောနှောခြင်း
ကျွန်တော်တို့လူသားများသည် လောဘကြီးတတ်သည့် အလေ့အထရှိကြသည်။ ကလေးငယ်တစ်ဦးသည်ပင်လျှင် သကြားလုံးအကြီး အသေးရွေးယူတတ်သကဲ့သို့ လက်မလွှတ်တမ်းကိုင်ထားတတ်ကြသည့် အရာများပင်ရှိကြသေးသည်မဟုတ်ပါလား။
ကျွန်ုပ်တို့သတိမထားမိကြသည်မှာ တပ်မက်ခြင်းကြောင့် ဖြတ်လမ်းနည်းကိုသုံးကြသည့် နောက်ကွယ်မှ ကျွန်တော်တို့ဆုံးရှုံးသွားကြရသည့် ဝမ်းနည်းစရာ အရာများပင်ဖြစ်သည်။ လောဘ၏ အကျိုးဆက်များဟုလည်း ခေါ်ဆိုကောင်းခေါ်ဆိုနိုင်ပေလိမ့်မည်။ အချို့က မိမိ၏တပ်မက်ခြင်းကြောင့် လိမ်ညာသည် သို့သော် သူ့အပေါ် လူအများ၏ယုံကြည်မှု ဆုံးရှုံးသွားသည်ကို သူမသိလိုက်ချေ။
အချို့ကလည်း ငွေကိုတပ်မက်၍ လာဘ်ပေးလာဘ်ယူလုပ်သည်သော်လည်း ထိုသူ၏ ဂုဏ်သိက္ခါနှင့် ဖြောင့်မတ်ခြင်း အရောင်ဆိုးခံခိုက်ရကြောင်းကို သူကိုယ်တိုင်သတိမထားမိပါ။ တခါတလေတွင် ကျွန်တော်တို့၏ လိုချင်တပ်မက်မှု၊ ရမက်ကြီးခြင်းလောဘတရားသည် နောက်ကွယ်မှအရာများနှင့် အကျိုးဆက်များကို မမြင်နိုင်လောက်အောင်ပင် ဖုံးကွယ်နေသည်။
ရာထူး၊ စည်းစိမ်၊ အာဏာ၊ အစွမ်းသတ္တိ၊ စသဖြင့် မိမိတို့၏ လောဘများ တပ်မက်ခြင်းများနောက်သို့ ဖြတ်လမ်းနည်းများကို သုံး၍ လိုက်တတ်ကြပေသည်။ ထိုတပ်မက်ခြင်းအတိုင်း အလိုရှိရာကိုရလည်း ရရှိသွားတတ်ကြသည်။ သို့သော် ထိုနောက်ကွယ်မှ ဝမ်းနည်းခြင်းများ ရောယှက်နေသည်ကို မသိမိလိုက်ကြပါ။
မိတ်ဆွေ၏ တပ်မက်ခြင်းကြောင့် မိတ်ဆွေ၏ ဂုဏ်သိက္ခါ၊ ဖြောင့်မတ်ခြင်း၊ လူသားဆန်မှု၊ သနားခြင်းကရုဏာ၊ မေတ္တာတရား၊ ကိုယ်ချင်းစာမှု၊ ညှာတာထောက်ထားခြင်း၊ ယုံကြည်မှု၊ လေးစားမှု စသည့် အမျိုးမျိုးသောအရာများသည် ဆုံးရှုံးသွားတတ်သည်။ လိုချင်သည့် အရာသည် ဖြတ်လမ်းနည်းအတိုင်း ရရှိနိုင်ပါသော်လည်း ဝမ်းနည်းခြင်းအရာများလည်း ရောနှောကာ ပါဝင်နေတတ်သည်ကို မမေ့ဖို့ရန် အင်မတန်အရေးကြီးပါသည်။
သုတ္တံကျမ်း ၁၀:၂၂
ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာမူကား ထိုသို့မဟုတ်။ ဝမ်းနည်းခြင်းနှင့်ရောနှောခြင်းမရှိသည့် အရာပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရှိသည့်နေရာ ကျွန်ုပ်တို့၌ ရှိသည့်အရာများသည် ဖြတ်လမ်းနည်းဖြင့် ရယူထားကြသည့် ရာထူး၊ စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ အာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်ဓနအင်အားတွေများဖြစ်နေပါသလား။ သေချာတာတစ်ခုကတော့ မိမိတို့၏ တပ်မက်ခြင်းကြောင့် မတရားသောနည်းလမ်းများဖြင့် ရယူလိုက်သည့် အရာများ၌ ဝမ်းနည်းခြင်းအကြောင်းများ ရောနှောနေတတ်သည်ပင်ဖြစ်သည်။
ယနေ့ မိတ်ဆွေနဲ့ ကျွန်တော်တို့၏ တပ်မက်ခြင်းကြောင့် ဘာတွေဆုံးရှုံးနေရပြီလဲ။ ယုံကြည်မှုလား၊ လေးစားမှုလား၊ ဂုဏ်သိက္ခါလား၊ လူသားဆန်မှုလား၊ မေတ္တာလား၊ ကိုယ်ချင်းစာတရားလား၊ ကရုဏာတရားလား၊ တရားမျှတမှုလား စသဖြင့် ဘယ်အရာတွေကို ဆုံးရှုံးလိုက်ရပြီလဲဆိုတာတွေကို ဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet